ပဲရစ်မြို့တွင် ယူရို ၄သန်းတန်ကြေးရှိ ကျောက်မျက်ရတနာပစ္စည်းများ ဓားပြတိုက်ခံရ

ပဲရစ်မြို့တွင် ယူရို ၄သန်းတန်ကြေးရှိ ကျောက်မျက်ရတနာပစ္စည်းများ ဓားပြတိုက်ခံရ

 

ပဲရစ်၊ ပြင်သစ်၊ ဇန်နဝါရီ ၁၁ ။                 ။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ကမ္ဘာကျော် Ritz ဟော်တယ်ထဲသို့ လက်နက်ကိုင်ဓားပြများက ဗုဒ္ဓဟူးနေ့၌ ရုတ်တရက်ဝင်ရောက် စီးနင်းခဲ့ပြီး ယူရို ၄ သန်းခန့် တန်ကြေးရှိသော ကျောက်မျက်ရတနာပစ္စည်းများကို တိုက်ယူသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဖွဲ့ဝင်ငါးဦးပါဝင်ပြီး ပုဆိန်နှင့် ရဲဒင်များကို ကိုင်ဆောင်ထားသော ဓားပြများသည် ပဲရစ်မြို့ရှိ တန်ဖိုးကြီးဇိမ်ခံ ဟော်တယ်ထဲသို့ ညနေ ၆း၃၀ နာရီခန့်၌ ရောက်ရှိလာခဲ့ပြီး မြေညီထပ်မှပြတင်းပေါက်များကို ရိုက်ခွဲခဲ့သလို လက်ဝတ်ရတနာပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“ကမ္ဘာ့နာမည်ကြီး ကျောက်မျက်လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ကျောက်မျက်ရတနာတွေကို Ritz ဟော်တယ်မှာ ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ဒါ့အပြင် ဓားပြတိုက်ခံခဲ့ရသော ကျောက်မျက် ရတနာများ၏တန်ဖိုးမှာ ယူရို ၄ သန်းကျော်အထိရှိကြောင်း သိရသည်။

ဓားပြအဖွဲ့ဝင် ၃ ဦးအား အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးစဉ်တွင် ဖမ်းမိခဲ့ပြီး ဟော်တယ်အနီးရှိ လမ်းမကြီးများ ကို လုံခြုံရေးတပ်ဖွဲ့များက ပိတ်ဆို့ရှာဖွေလျက်ရှိသည်။ ကျန်ရှိနေသေးသော ဓားပြနှစ်ယောက်ကို အာဏာပိုင် များက ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

ပြည်ထဲရေးဝန်ကြီး ဂျာရတ်ကူးလောင်းမ်က အရာရှိများ၏ လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှုကို ချီးမွမ်းပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့ကို ဂုဏ်တက်စေကြောင်း ပြောဆိုခဲ့သည်။

ပဲရစ်အစိုးရရှေ့နေများသည် ယခုအခါတွင် လက်နက်ကိုင်ဓားပြတိုက်မှုနှင့်ပက်သက်၍ အမှုဖွင့်စစ်ဆေးနေပြီ ဖြစ်သည်။

Ritz ဟော်တယ်တည်ရှိရာ ပဲ့လေစ်ဗန်ဒုန်းအရပ်တွင် တန်ဖိုးကြီးပစ္စည်းများ ခင်းကျင်းပြသထားလေ့ရှိပြီး ဓားပြတိုက်ခံရမှု မကြာခဏဖြစ်ပွားရာနေရာဖြစ်သည်။

လွန်ခဲ့သော ၂၀၁၆ခုနှစ် မတ်လကလည်း ဓားပြနှစ်ဦးသည် တန်ဖိုးကြီးဖက်ရှင်အမှတ်တံဆိပ် Chopard အရောင်းပြခန်းမှ အလုပ်သမားများကို သေနတ်နှင့် လက်ပစ်ဗုံးများပြ၍ ခြိမ်းခြောက်ကာ ယူရို ၆သန်းခန့် တန်ကြေးရှိသော ကျောက်မျက်ရတနာပစ္စည်းများကို ဓားပြတိုက်ယူသွားခဲ့ဖူးသည်။ ထိုအမှုနှင့်ပက်သက်၍ အမျိုးသား ၃ ဦးခန့် တရားစွဲဆိုခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required