မကွေးတိုင်းအစိုးရမှ ဌာန ၄ ခုသို့ လုပ်ငန်းသုံးရန် Ford မော်တော်ယာဉ် ၄ စီး ပေးအပ်

မကွေးတိုင်းအစိုးရမှ ဌာန ၄ ခုသို့ လုပ်ငန်းသုံးရန် Ford မော်တော်ယာဉ် ၄ စီး ပေးအပ်

 

မကွေး၊ ဒီဇင်ဘာ ၂၆ ။                  ။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းအဆင့် ဌာနဆိုင်ရာ တိုင်းဦးစီးမှူး(၄)ဦး လုပ်ငန်းတွင် သုံးရန်အတွက် တစ်စီးလျှင် ကျပ်သိန်း ၃၂၀ ခန့်တန်ဘိုးရှိ Ford မော်တော်ယာဉ် ၄ စီးအား ယနေ့ ဒီဇင်ဘာ၂၆ ရက်နေ့ နံနက်ပိုင်းက တိုင်းအစိုးရအစည်းအဝေးခန်းမတွင် မဲနှိုက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းပညာရေးမှူး၊ တိုင်းသစ်တောဦးစီးဌာနနှင့် တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနတို့အား Ford မော်တော်ယာဉ် ကား၄ စီးအား မဲနှိုက်ကာ ဦးစီးမှူးများအား ကားသော့များ ပေးအပ်ခဲ့သည်၊

 “ ကျွန်တော်တို့ မကွေးတိုင်းက ဌာနတွေမှာ တိုင်းအတွင်း လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သွားလာဖို့ အချိန်မီ လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ကားစီးစရာ မရှိပါဘူး၊အခု လိုအပ်တဲ့ဌာနတွေတော့ ပေးလိုက်ပါပြီ၊ ကျန်တဲ့ဌာနတွေကလည်း တောင်းဆိုတာ ရှိပါတယ်၊ ကျန်ဌာနတွေ အတွက်လည်း ပေးနိင်အောင် ကြိုးစားနေပါတယ်၊ အခု ပေးလိုက်တဲ့ဌာနဆိုင်ရာတွေကလည်း တိုင်းပြည်အပေါ် ပြည်သူတွေအပေါ် တာဝန်ကျေပြွန်စွာနဲ့ ကြိုးစားဆောင်ရွက်ကြပါ” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

ထိုအပြင် တိုင်းအစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနအား ယခင်တိုင်းကြံခိုင်ရေးပါတီမှ ပြန်လည်ရရှိ ထားသော မီနီဘတ်စ်ကား တစ်စီး ပေးအပ်ခဲ့သည်။

“ ကျွန်တော်တို့ ဌာနအနေနဲ့ ကွင်းဆင်းတဲ့အခါမှာ မော်တော်ယာဉ် လိုအပ်ပါတယ်၊ခရီးဝေးတွေ သွားရတယ်၊ မြေတိုင်းတာခြင်း လုပ်ငန်းတွေအပါအဝင် တခြားတိုင်းဒေသကြီး အကျိုးဆောင်ရွက်ရတဲ့ ကိစ္စတွေမှာ ကား လိုအပ်ပါတယ်၊ မိခင်ဌာနအနေနဲ့တော့ ကောင်းမွန်တဲ့ကားတွေ၊အမြင့်ကားတွေ မပေးနိင်ပါဘူး၊ အခု ဒီလို ကားရတဲ့အခါမှာ ကျွန်တော်တို့က အလုပ်ကို လျင်လျင်မြန်မြန်နဲ့ ဆထက်ထမ်းပိုး ကြိုးစားပြီး ဆောင်ရွက် နိင်မယ် ဖြစ်ပါတယ်၊ပေးအပ်တဲ့ တာဝန်တွေကိုလည်း ကြိုးစားဆောင်ရွက်သွားပါမယ်” ဟု တိုင်းလယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန ဦးစီးမှူးဦးဇော်ဝင်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required