နှလုံးအမောဖောက်ဝေဒနာကြောင့် ထောင်ကျနေသော ပီရူးသမ္မတဟောင်းကို အရေးပေါ်ဆေးရုံတင်

နှလုံးအမောဖောက်ဝေဒနာကြောင့် ထောင်ကျနေသော ပီရူးသမ္မတဟောင်းကို အရေးပေါ်ဆေးရုံတင်

လီမာ၊ ဒီဇင်ဘာ ၂၄ ။          ။ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရပြီး အကျဉ်းထောင်ထဲ၌နေထိုင်နေရသော ပီရူးသမ္မတဟောင်းဖြစ်သည့် အယ်လ်ဘာတိုဖူဂျီမိုရီသည် နှလုံးအမောဖောက်ဝေဒနာကို ခံစားခဲ့ရသောကြောင့် လီမာမြို့ရှိ ပုဂ္ဂလိကဆေးရုံ သို့ တနင်္ဂနွေနေ့တွင် အရေးပေါ်ပို့ဆောင်ခဲ့ရသည်။

သမ္မတဟောင်း၏ သားငယ်ဖြစ်သော ဥပဒေအရာရှိ ကန်ဂျီဖူဂျီမိုရီသည် သူ၏ဖခင်ဖြစ်သူနှင့်အတူ လူနာတင် ယာဉ်ထဲ၌လိုက်ပါပြီး ပွေဘလိုလီဘရီခရိုင်အတွင်းရှိ ဆန်တန်နာရီယိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပုံအား ရုပ်သံ သတင်းချန်နယ် N ၌ ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

ဖူဂျီမိုရီ၏ ဆေးမှူးဖြစ်သော အလက်ယန်ဒရိုအာဂွင်နာဂါက သမ္မတဟောင်းဖြစ်သူသည် နှလုံးအမောဖောက် ဝေဒနာ သို့မဟုတ် နှလုံးခုန်နှုန်းမြန်နေခြင်းကြောင့် အထူးရဲတပ်ဖွဲ့အကျဉ်းထောင်မှတဆင့် ဆေးရုံသို့လွှဲပြောင်း ဖို့ ဆုံးဖြတ်ခဲ့ရကြောင်း အယ်လ်ကိုမာစီယို နေ့စဉ်သတင်းစာသို့ ပြောကြားခဲ့သည်။

အသက် ရ၉ နှစ်အရွယ်ရှိ ဖူဂျီမိုရီသည် ပီရူးနိုင်ငံအား ၁၉၉၀ မှ ၂၀၀၀ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီး အဂတိလိုက်စား မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် လက်ရှိအချိန်တွင် ထောင်နန်းစံနေရသူဖြစ်သည်။

သူနှင့်ပက်သက်၍ ပီရူးနိုင်ငံ၌ အငြင်းပွားဖွယ်ရာမှတ်ချက်များရှိနေပြီး အချို့က သူသည် ပီရူးနိုင်ငံအား အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်နိုင်ရန်အတွက် စစ်အာဏာသိမ်းဖို့ကြိုးပမ်းခဲ့ကြောင်းနှင့် အကျင့်ပျက်ခြစားမှုများ၌ အဓိကကျသူတစ်ဦးဖြစ်သည်ဟု စွပ်စွဲပြောဆိုလျက်ရှိသည်။ သို့သော် အခြားသူအချို့က သူသည် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော စီးပွားရေးပျက်ကပ်ကို ချုပ်ငြိမ်းစေခဲ့သလို မော်ဝါဒီများနှင့် ပြောက်ကျားသူပုန်များ ပုန်ကန် ထကြွမှုကို ချေမှုန်းနိုင်ခဲ့သူဖြစ်သည်ဟု ပြောဆိုလျက်ရှိသည်။

ပီရူးနှင့်ဂျပန်သွေးနှောသော သမ္မတဟောင်းဖူဂျီမိုရီသည် ၂၀၀၀ ခုနှစ်တွင် သူ၏အုပ်ချုပ်မှုကိုအဆုံးသတ်ခဲ့ရပြီး အကျင့်ပျက်ခြစားမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ဖြင့် တရားရင်ဆိုင်ရမည့် အရေးကို ရှောင်ရှားရန်အတွက် ဂျပန်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။ သူ့ကို ပီရူးပါလီမန်က စွဲချက်တင်ခဲ့ပြီး ရာထူးမှဖယ်ရှားရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ထွက်ပြေးသွားခဲ့သော်လည်း ၂၀၀၅ခုနှစ်အနှောင်းပိုင်းတွင် ချီလီနိုင်ငံသို့ ခရီးထွက်လာသည့်သူ့ကို ချီလီအာဏာပိုင်များကဖမ်းဆီးခဲ့ပြီး ၂နှစ်ခန့်အကြာတွင် ပီရူးနိုင်ငံသို့ တရားခံအဖြစ်လွှဲပြောင်းပေးအပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required