ကိုယ်တွင်းအင်္ဂါများ အထုတ်ခံထားရ၍ အရှုပ်တော်ပုံ ရှိနေသော ထိုင်းဗိုလ်လောင်း၏ ရုပ်အလောင်းအား အသုဘချ

ကိုယ်တွင်းအင်္ဂါများ အထုတ်ခံထားရ၍ အရှုပ်တော်ပုံ ရှိနေသော ထိုင်းဗိုလ်လောင်း၏ ရုပ်အလောင်းအား အသုဘချ

 

ဘန်ကောက်၊ ဒီဇင်ဘာ ၁၁ ။           ။ ထိုင်းနိုင်ငံတွင် ပြည်သူများ အာရုံစိုက်နေကြသည့် ကိုယ်တွင်းအင်္ဂါများ ထုတ်ဖယ်ခံထားရသည့် ပဟေဠိဆန်စွာ သေဆုံးသော စစ်ဗိုလ်လောင်း၏ ရုပ်အလောင်းကို ၎င်း၏ မိသားစုများက ဒီဇင်ဘာ ၁၀ ရက်တွင် အသုဘချပြီ ဖြစ်သည်။

ထိုသို့ ကိုယ်တွင်းအင်္ဂါများ အထုတ်ခံရခြင်းသည် ဗိုလ်လောင်းအနေဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းခံရပြီး သေဆုံးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ထင်မြင်ယူဆထားကြခြင်းဖြစ်သည်။

ထိုင်းစစ်တပ်ကမူ အသက် ၁၈ နှစ်ရှိ ဗိုလ်လောင်း ပါကာပွန်သည် အောက်တိုဘာလအတွင်းက ဘန်ကောက်အပြင်ရှိ လေ့ကျင့်ရေးစစ်သင်တန်းတွင် နှလုံးဖောက်ပြီး သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

သေဆုံးမှုအကြောင်းရင်းအပေါ် သံသယရှိသော ပါကာပွန် မိသားစုများ၏ တောင်းဆိုမှုဖြင့် ရင်ခွဲစစ်ဆေးရာတွင် အလောင်းတွင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် အစာအိမ်များ ရှိမနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။

ယင်းအတွက် သေဆုံးရသည့် အကြောင်းရင်းကို ဖုံးကွယ်ပစ်လို၍ဆိုကာ ပြည်သူများ စိတ်ဆိုးဒေါသထွက်ကြပြီး ယင်းကိစ္စရပ်က နိုင်ငံတွင် အထူးသတင်းကြီးတစ်ရပ်အဖြစ် စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

မူခင်းသိပ္ပံဗဟိုကျောင်းက ဒုတိယအကြိမ် စစ်ဆေးရာတွင် ပါကာပွန်တွင် ကိုယ်တွင်းဒဏ်ရာများ တွေ့ရှိသဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရ၍ သေဆုံးခြင်းဖြစ်သည်ဟု ကောက်ချက်ချထားကြောင်း ပါကာပွန်၏ အစ်မဖြစ်သူက အေအက်ဖ်ပီသို့ ပြောသည်။

အလောင်းတွင် နံရိုးများ ကျိုးနေသည်ကိုလည်း တွေ့ရပြီး ရှေးဦးသူနာပြုစုနည်းဖြင့် ကုသမပေးသည့် လက္ခဏာကိုလည်း တွေ့ရှိသည်ဟု ရင်ခွဲစစ်ဆေးသူများက ဆိုကြောင်း ၎င်းက ပြောသည်။

အဆိိုပါ တွေ့ရှိချက်များကြောင့် စစ်တပ်က ဖြေရှင်းချက်ထုတ်ထားသော နှလုံးဖောက်၍ သေဆုံးခြင်း ဖြစ်သည်ဆိုခြင်းအပေါ် မကျေမချမ်းမှုများ ပိုမိုတိုးပွားလာခဲ့ပြီး စစ်မှုထမ်းသစ်များအပေါ် ပြုမူဆက်ဆံခြင်းများနှင့် ပတ်သက်ပြီး စိုးရိမ်မှုများလည်း မြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required