ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်သန်းအပြီး ပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ယာဉ်တန်းဖြတ်သန်းအပြီး ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၈ ။             ။ အမ်းမှ စစ်တွေသို့ထွက်ခွာလာသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းဖြတ်သန်းအပြီး ရန်ကုန်- စစ်တွေ အဝေးပြေးလမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေး ၀န်ကြီး ဦးမင်းအောင်က မဇ္စျိမသို့ အတည်ပြုပြောသည်။

“ သူတို့ယာဉ်တန်းနဲ့တော့ ကွာပါတယ်တဲ့။ ထွက်သွားပြီး ၁ နာရီလောက်မှာမှ ပေါက်ကွဲမှု ဖြစ်တယ်လို့ သိရတာဆိုတော့ မိုင် ၃၀ လောက်ကွာမှာပေ့ါ။ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာက ကား နည်းနည်း မကောင်းတာနဲ့ နောက်မှာကျန်ခဲ့တယ် ။ သူလည်းအခု ပေါက်ကွဲမှုဖြစ်တယ်ဆိုတဲ့နေရာ ကျော်သွားပြီ” ဟု ၄င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်တိုးတက်ရေးကိစ္စများဆွေးနွေးရန်နှင့် ပညာရေးမြှင့်တင်နိုင်ရန်အတွက် သံတွဲခရိုင်အတွင်းရှိ ဂွ - သံတွဲ - တောင်ကုတ် မြို့နယ် သုံးမြို့နယ်သို့ သွားရောက်ဆွေးနွေးအပြီး အပြန် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက်အစောပိုင်းတွင် အဆိုပါပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ကို ရည်ရွယ်တာမဟုတ်တာတော့ သေချာပါတယ်ခင်ဗျာ။ ဒါတိုက်ဆိုင်တာ။ ကျွန်တော်တို့က ပုံမှန်သွားမြဲအတိုင်း ဒေသဖွံဖြိုးရေးလုပ်ငန်းအတွက် သွားနေတာပဲပေါ့။ ဒီလမ်းကမသွားရင်လည်း လမ်းကတစ်လမ်းပဲရှိတယ် “ ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးကျော်ခင်က ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ ရ ရက်) ည ၉နာရီခွဲ၊ ၁၀ နာရီခန့်တွင် ခရီးစဉ်ပြီးဆုံးခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နံနက်တွင် အမ်းမှ စစ်တွေသို့ ထွက်ခွာလာစဉ် ရန်ကုန် - စစ်တွေ အပြေးလမ်း ရိုးချောင်းနားတွင်ဖြစ်ပွားခဲ့ခြင်းဟု စည်ပင်သာယာရေး ၀န်ကြီး ဦးမင်းအောင်ကပြောသည်။

မိုင်းအား အဝေးပြေးလမ်းမ မိုင်တိုင် အမှတ် ၁၁၃ နှင့် ၁၁၃/၁ အကြားရှိ သံတံတားအမှတ် ရ/၁၁၂၏ သံဘောင် အောက်တွင် ဒီဇင်ဘာ ရ ရက်နေ့ကလက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီး နိုဝင်ဘာ ၁၅၊ ၁၆ နှင့် စက်တင်ဘာ ၁၉ ရက် နေ့တွင်လည်း အဆိုပါလမ်းတွင်မိုင်းတွေ့မှုများရှိခဲ့ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required