ဒေါ်လာသန်းပေါင်းများစွာ ဆုငွေထုတ်ကာ ဟစ်ဇ်ဘိုလာခေါင်းဆောင် ၂ဦးကိုဖမ်းဆီးရန် အမေရိကန်ကြိုးပမ်း

ဒေါ်လာသန်းပေါင်းများစွာ ဆုငွေထုတ်ကာ ဟစ်ဇ်ဘိုလာခေါင်းဆောင် ၂ဦးကိုဖမ်းဆီးရန် အမေရိကန်ကြိုးပမ်း

 

အောက်တိုဘာ ၁၁ ။           ။ ဟစ်ဇ်ဘိုလာခေါင်းဆောင် ၂ဦးကို ဖမ်းဆီးနိုင်ရန်အတွက် အမေရိကန်က အင်္ဂါနေ့၌ ဒေါ်လာသန်းပေါင်းများစွာ ဆုကြေးငွေထုတ်ပြန်ခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့၏ ပြင်ပလုံခြုံရေးအဖွဲ့ခေါင်းဆောင် တာလယ်ဟာမီယာကို ဖမ်းဆီးဖို့အတွက် သတင်းပေး နိုင်ပါက အမေရိကန်ဒေါ်လာ ၇ သန်းချီးမြှင့်မည်ဖြစ်ပြီး ဟစ်ဇ်ဘိုလာစစ်ရေးခေါင်းဆောင် ဖူအက်ရှုကာကို ဖမ်းဆီးဖို့ သတင်းပေးနိုင်ပါက ဒေါ်လာ ၅ သန်းချီးမြှင့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးရာ ဝန်ကြီးဌာန က ဆုငွေထုတ်ခဲ့သည်။

ဟာမီယာသည် လက်ဘနွန်နိုင်ငံအပြင်ဘက်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ အကြမ်းဖက်လုပ်ငန်းများကို အစီအစဉ်ချ မှတ်ခြင်းနှင့် စီမံခန့်ခွဲရာ၌ တာဝန်ရှိသူတစ်ဦးဖြစ်သည်။ သူသည် ၁၉၉၄ ခုနှစ်တွင် အာဂျင်တီးနား၌ ဖြစ်ပွားခဲ့ သည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှု၌ ပါဝင်ခဲ့သည်ဟု သံသယရှိရသူလည်းဖြစ်သည်။

ဖူအက်ရှုကာသည် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့များကို ကွပ်ကဲသူတစ်ဦး ဖြစ်သည်။

အမေရိကန်၏ အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဟစ်ဇ်ဘိုလာအဖွဲ့သည် အမေရိကန်နိုင်ငံအတွင်း၌ တိုက်ခိုက်မှုများကျူးလွန်ရန် ၎င်းတို့၏စွမ်းရည်ကိုမြှင့်တင်ဖို့ ကြံရွယ်နေကြသည်ဟု ယုံကြည်ရကြောင်း ပြောခဲ့ကြသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အက်ဗစ်ဒေါလီဘာမန်းက လက်ဘနွန်စစ်တပ်သည် ယခုအခါတွင် ဟစ်ဇ်ဘိုလာ အဖွဲ့၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး အနာဂတ်တွင် အစ္စရေးတို့သည် နှစ်ဖွဲ့စလုံးကို တိုက်ခိုက် သွားရမည့် အလားအလာများရှိနေသည်ဟု ပြောဆိုခဲ့သောကြောင့် ယခုလိုဆုကြေးငွေထုတ်ခဲ့ခြင်းဖြစ်သည်။

“အခုချိန်မှာကျနော်တို့ ဟစ်ဇ်ဘိုလာအဖွဲ့အကြောင်းပဲ ဆွေးနွေးရမှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ဟစ်ဇ်ဘိုလာ အဖွဲ့အပြင် လက်ဘနွန်စစ်တပ်အကြောင်းပါ ဆွေးနွေးဖို့လိုအပ်လာပါပြီ။ လက်ဘနွန်စစ်တပ်ဟာ ယခုအခါမှာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပါပြီ။ ၎င်းတို့ရဲ့ လွတ်လပ်မှုကို ဟစ်ဇ်ဘိုလာအဖွဲ့ထံ မှာ ဆုံးရှုံးသွားရပါပြီ” ဟု လီဘာမန်းက ပြောကြားခဲ့သည်။

သို့သော်လည်း အခြားတစ်ဖက်တွင် လက်ဘနွန်စစ်တပ်က ၎င်းတို့သည် ဟစ်ဇ်ဘိုလာအဖွဲ့၏ လက်အောက်ခံ မဟုတ်ဘဲ လွတ်လပ်စွာရပ်တည်နေခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required