အင်ဒိုနီးရှားတွင် ရဲက ငြင်းဆန်လင့်ကစား LGBT အသိုင်းအဝန်းအား နှိပ်ကွပ်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွား

အင်ဒိုနီးရှားတွင် ရဲက ငြင်းဆန်လင့်ကစား LGBT အသိုင်းအဝန်းအား နှိပ်ကွပ်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွား

 

ဂျကာတာ၊ အောက်တိုဘာ ၁၀ ။                   ။ လိင်တူလိင်ကွဲ ချစ်သူ၊ ဒွိလိင်ချစ်သူနှင့် လိင်ပြောင်းသူများ LGBT အသိုင်းအဝန်းက လုပ်ငန်းဆိုင်ခန်းများကို ဝင်ရောက်အားပေးနေသူများအား ဥပဒေအရ အပြစ်ပေးနိုင်ခွင့် မရှိကြောင်း အောက်တိုဘာ ၉ ရက်တွင် အင်ဒိုနီးရှား ရဲဌာနက ပြောသော်လည်း LGBT အသိုင်းအဝန်းက လူများကို ဖမ်းဆီးနေခြင်းနှင့် တစ်ချို့ကို လိင်ကာမနှိုးဆော်သော ဇာတ်ကား၊ စာအုပ်များ ဖြန့်ချိသည့် ဥပဒေတို့ဖြင့် တရားစွဲဆိုခြင်းများက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

မြို့တော် ဂျကာတာရှိ T1 မိန်းမလျာ ပေါင်းခံချွေးထုတ်အလှပြင်ဆိုင်ကို ဝင်ရောက်စီးနင်းပြီး လာရောက်သူ ဖောက်သညများ အပါအဝင် လူပေါင်း ၅၈ ဦးကို ဖမ်းဆီးပြီးနောက်   နောက်တစ်ရက်   အောက်တိုဘာ ၇ ရက်တွင် ၅၃ ဦးအား  ပြန်လွှတ်ပေးခဲ့ကြောင်း ရဲဌာနက ပြောသည်။ ထိုဆိုင်မှ အလုပ်သမား ငါးဦးကိုမူ လိင်အသားပေးဇာတ်ကားစာအုပ်များ ဖြန့်ချိခြင်းနှင့် လိင်မူရေးရာများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ ကာမစေ့ဆော်ပွဲသဘင်များ ကျင်းပခြင်းစသည့် ပြစ်မှုများဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျော် ပြစ်ဒဏ်ပေးခဲ့သည်ဟု သိရသည်။

“ဒီလို လိင်တူဒွိလိင်ချစ်သူ LGBT တွေရဲ့ ဆိုင်တွေမှာ အားပေးနေသူတွေကို ဥပဒေနဲ့ အပြစ်ပေးလို့ မရပါဘူး။ ပေးပိုင်ခွင့်လည်း မရှိပါဘူး။ ဒါပေမယ့် ဒီလို ဆိုင်တွေက မန်နေဂျာတွေ ၊ ဒီလို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေ လုပ်နေသူတွေကိုပဲ အပြစ်ပေးနိုင်တာဖြစ်ပါတယ်။" ဟု ဂျကာတာရဲဌာန ပြောခွင့်ရသူ အာဂိုယိုဝိုနိုက EFE သတင်းဌာနသို့ အောက်တိုဘာ ၉ ရက်က ပြောခဲ့သည်။

ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ယောက်က အမည်မဖော်ပဲ သတင်းဌာနသို့ ပြောရာတွင် ၎င်း၏ ဆွေမျိုးမှာ ဖမ်းဆီးခံရပြီး ထိတ်လန့်ခြောက်ခြားမှု ခံစားခဲ့ရကြောင်း၊ လွတ်မြောက်ရန် ရဲအား ရူပီး လေးသိန်း(အမေရိကန်ဒေါ်လာ ၃၀) ပေးခဲ့ရကြောင်း ပြောသည်။

တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အပါအဝင် နိုင်ငံတကာ အင်န်ဂျီအိုများက ရဲဌာနသည် LGBT အသိုင်းအဝန်းတစ်ခုလုံးအား ရာဇဝတ်မှုနွံအတွင်း ဆွဲချရန် လိင်ကာမနှိုးဆော်မှု ဆန့်ကျင်သည့် ဥပဒေကို အသုံးချနေခြင်းသာ ဖြစ်ကြောင်း စွပ်စွဲပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၆ ဇန်နဝါရီကစပြီး နိုင်ငံရေးသမားများ၊ ထင်ရှားသောအသိုင်းအဝန်းမှ လူများက ယောက်ကျားလျာ၊ မိန်းမလျာများအပေါ် မလိုလားသော ပြောဆိုမှုများ မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေအများဆုံး ယင်းနိုင်ငံအတွင်း လိင်တူလိင်ပြားဒွိလိင်ချစ်သူများကို ဆန့်ကျင်ရှုတ်ချသည့် အစ္စလာမ်အုပ်စုများ၏ လှုံ့ဆော်မှုများက အများစုဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required