အင်ဂျင်ပျက်စီးမှုကြောင့် ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ် A380 အရေးပေါ်ဆင်းသက်

အင်ဂျင်ပျက်စီးမှုကြောင့် ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ် A380 အရေးပေါ်ဆင်းသက်

ပဲရစ်၊ ပြင်သစ်၊ အောက်တိုဘာ ၁ ။             ။ လူပေါင်း ၅၀၀ကျော်ကို တင်ဆောင်လာသော ပြင်သစ်လေကြောင်းလိုင်းမှ Airbus အမျိုးအစား A380 လေယာဉ်သည် စနေနေ့တွင် အင်ဂျင်တစ်လုံးပျက်စီးမှုကြောင့် ကနေဒါနိုင်ငံ၌ အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေယာဉ်မှာလည်း ယိမ်းထိုးနေခဲ့ကြောင်း ခရီးသည်များက အသေးစိတ်ပြန်လည်ပြောကြားခဲ့သည်။

လူမှုမီဒီယာများပေါ်သို့ရောက်ရှိလာသော ဓာတ်ပုံများနှင့်ဗီဒီယိုများအရ A380 လေယာဉ်ဦးပိုင်း၏ ညာဘက်ပိုင်း မှ အင်ဂျင်တစ်လုံးသည် ဆိုးရွားစွာပျက်စီးသွားခဲ့ပြီး   လေယာဉ်စက်အုံအပြင်ဘက်ပိုင်းမှာလည်း ပျက်စီးသွားခဲ့ သည်ကို တွေ့မြင်ရသည်။

ခရီးသည် ၄၉၆ ဦးနှင့် လေယာဉ်ဝန်ထမ်း ၂၄ဦးကို တင်ဆောင်လာခဲ့သော အထပ်နှစ်ထပ်ပါရှိသည့် ကြီးမား သော လေယာဉ်ကြီးသည် ပဲရစ်မြို့မှ လော့စ်အိန်ဂျယ်လိစ်မြို့သို့ ဦးတည်ထွက်ခွာလာခဲ့ပြီး ပျံသန်းချိန် နာရီ အချို့အကြာတွင် ယခုလိုအင်ဂျင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည်တစ်ဦးဖြစ်သူ ဆာရာအန်းမစ်က သူမသည် ဝုန်းခနဲမြည်သံကြီးကို ကြားခဲ့ရပြီးနောက် လေယာဉ်သည် အမြင့်ပေများစွာသို့ နိမ့်ကျသွားခဲ့သည်ကို ခံစားခဲ့ရကြောင်း ကနေဒါသတင်းဌာန CBC News သို့ ပြောခဲ့သည်။

“လေယာဉ်အခန်းဟာ စတင်တုန်ခါလာခဲ့ပါတယ်။ တစ်စုံတစ်ယောက်က ထအော်ပါတယ်။ အဲ့အချိန်ကစပြီး တစ်စုံတစ်ရာ ချို့ယွင်းသွားတယ်ဆိုတာကို ကျမတို့သိလိုက်ပါတယ်” ဟု သူမက ပြောခဲ့သည်။

“လေယာဉ်ဝန်ထမ်းတွေ မြန်မြန်ဆန်ဆန်နဲ့ လမ်းလျှောက်သွားတာကို တွေ့ခဲ့ရပါတယ်။ လေယာဉ်မှူးဆီကနေ ကျမတို့လေယာဉ်ရဲ့ အင်ဂျင်တစ်လုံး ပေါက်ကွဲသွားတယ်ဆိုတဲ့ ကြေညာသံကို ဆက်ကြားခဲ့ရပါတယ်” ဟု သူမ က ဆက်ပြောခဲ့သည်။

လေယာဉ်သည် ဂရင်းလန်းပေါ်မှ ဖြတ်ပျံသန်းနေစဉ်၌ ယခုလိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ကနေဒါအရှေ့ပိုင်းရှိ ဂူးစ်ဘေးစစ်လေဆိပ်စခန်းသို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ပြင်သစ်လေကြောင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

“လေယာဉ်ပေါ်မှာပါရှိတဲ့လူအားလုံး ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး” ဟုလည်း သူက ဆက်ပြောခဲ့သည်။

ယခုလိုဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို တိတိကျကျ မသိရှိရသေးကြောင်း လေယာဉ်စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဒေးဗစ်ရာမာကပြောခဲ့ပြီး သူ့အမြင်အရ လေယာဉ်ပန်ကာ ချို့ယွင်းချက်ကြောင့် ယခုလို ဖြစ်ပွားရသည်ဟု ယူဆကြောင်း သူကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required