မုဒိမ်းကျင့်ခံရသည့် ၁၁နှစ်အရွယ် ပါရာဂွေးမိန်းမငယ် ကလေးမွေးဖွား နိုင်ငံအဝန်း ကိုယ်ဝန်ဖျက်ချမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန်လာ

မုဒိမ်းကျင့်ခံရသည့် ၁၁နှစ်အရွယ် ပါရာဂွေးမိန်းမငယ် ကလေးမွေးဖွား နိုင်ငံအဝန်း ကိုယ်ဝန်ဖျက်ချမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုန်လာ

အဆန်စီရွန်၊ သြဂုတ်-၁၄ ။        ။ ပါရာဂွေးနိုင်ငံမှ မုဒိမ်းကျင့်ခံရသည့် ၁၁နှစ်ရွယ် မိန်းမငယ်လေးမှာ ကိုယ်ဝန်ကို ဖျက်ချပေးရန် သူမ၏တောင်းဆိုမှုကို ဆရာဝန်များနှင့် တရားရေးအာဏာပိုင်များ ကငြင်းပယ်ခဲ့ပြီးနောက်တွင် သြဂုတ်လ ၁၃ရက်နေ့က ကလေးကို မွေးဖွားခဲ့ပြီဖြစ်ပြီး၊ ကတ်သိုလစ်အများစုဖြစ်သည့်နိုင်ငံတွင် သူမ၏ ကိုယ်ဝန်နှင့်ပတ်သက်ပြီး ဖျက်ချသင့်မချသင့် ကျယ်ကျယ်ပြန့်ပြန့်ငြင်း ခုန်ခဲ့ကြသည်။

မိန်းမငယ့်မိခင်၏ ပါ့တနာကို မုဒိမ်းမှုဖြင့် တရားစွဲခဲ့သည်။ ပါရာဂွေးနိုင်ငံတွင် နေ့စဉ်လိုလို ၁၀နှစ်မှ ၁၄နှစ်ကြား မိန်းမငယ်များမှာ ကလေးမွေးဖွားနေကြရာ အများစုမှာ လိင်အကြမ်းဖက်မှုဖြင့် တစ်နည်း မဟုတ်တစ်နည်း ဆက်နွှယ်နေကြသည်။

ကိုယ်အလေးချိန် ၃.၅ကီလိုရှိသည့် သမီးမိန်းခလေးကို ဗိုက်ခွဲ၍ မွေးဖွားခဲ့ခြင်းဖြစ်သော်လည်း အခက်အခဲမရှိ ချောမွေ့စွာ မွေးဖွားနိုင်ခဲ့ပြီး ခွဲမွေးပြီးနောက်ပိုင်း ကျန်းမာရေးလည်း ကောင်းမွန်သည်ဟု ကြက်ခြေနီဆေးရုံမှ ဒါရိုက်တာတစ်ယောက်ဖြစ်သည့် ဒေါက်တာ ဗီလာဘာက ပြောကြားခဲ့သည်။

မိခင်တွင် အသက်အန္တရာယ်ရှိပါက ပါရာဂွေးဥပဒေက ကိုယ်ဝန်ဖျက်ချမှုကို ခွင့်ပြုထားသော်လည်း ယခုဖြစ်ရပ်တွင်မူ ဆရာဝန်များ၊ စိတ်ပညာရှင်များနှင့် တရားရေးအာဏာပိုင်များပါဝင်သည့် ဘုတ်အဖွဲ့က မိန်းမငယ်တွင် အသက်အန္တရာယ်မရှိနိုင်ဟု ဆုံးဖြတ်ခဲ့ကြသည်။ သို့ရာတွင် ၃၅နိုင်ငံ အမေရိကန်နိုင်ငံများအဖွဲ့၏ အစိတ်အပိုင်းဖြစ်သည့် အမေရိကနိုင်ငံများ လူ့အခွင့်အရေးကော်မရှင်ကမူ မိန်းမငယ်မှာ အရွယ်ရောက်သူများနှင့် နှိုင်းယှဉ်ပါက မီးဖွားစဉ်အတွင်း သေဆုံးနိုင်ခြေ လေးဆပိုများသောကြောင့် ပါရာဂွေးအစိုးရအနေဖြင့် ကိုယ်ဝန်ဖျက်ချမှုကို ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့သည်။

''သူမရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်အတွေ့အကြုံရဲ့ ရုပ်ပိုင်းစိတ်ပိုင်းအကျိုးဆက်အတိုင်းအတာအမှန်ကိုတော့ အချိန်ကပဲ ပြောပြပါလိမ့်မယ်''ဟု နိုင်ငံတကာလွတ်ငြိမ်းခွင့်အဖွဲ့ကြီး၏ အမေရိကဒါရိုက်တာ အီရီကာ ဂွေဗားရားက ပြောကြားခဲ့သည်။

''ပါရာဂွေးအစိုးရက လိင်အကြမ်းဖက်ခံရသူတွေကို ကာကွယ်ပေးပြီး၊ ကိုယ်ဝန်ဖျက်ချမှုကိုလည်း တရားဝင်ခွင့်ပြု၊ ခေတ်မှီသန္ဓေတားဆေးဝါးတွေကိုလည်း သုံးစွဲခွင့်ပြု၊ လိင်နဲ့မျိုးပွားမှုအခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း သိရှိခွင့်မပေးသေးသရွေ့တော့ ဒီလို မိန်းမငယ်လေးတွေရဲ့ ကြောက်စရာဇာတ်လမ်းတွေက အဖြစ်များနေဦးမှာပါပဲ''ဟု မစ္စဂွေဗားရား ကကြေညာချက် တစ်ခု တွင်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required