M 150 အချိုရည်ပုလင်းအသုံးပြု ပေါက်ကွဲမှုတွင် ကျူးလွန်သူများက မောင်းနှင်လာသော အငှားယာဉ်အား ထားကာ ထွက်ပြေးခဲ့

M 150 အချိုရည်ပုလင်းအသုံးပြု ပေါက်ကွဲမှုတွင် ကျူးလွန်သူများက မောင်းနှင်လာသော အငှားယာဉ်အား ထားကာ ထွက်ပြေးခဲ့

ရန်ကုန်၊ သြဂုတ်လ ၂၂ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ Capital စူပါမားကက်တွင် ဖြစ်ပွားခဲ့သော M 150 အချိုရည်ပုလင်းအသုံးပြုမှု ပေါက်ကွဲမှုတွင် ကျူးလွန်သူများက မောင်းနှင်လာသော အငှားယာဉ်အား ထားကာ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သက်သေနှစ်ဦး ယနေ့ ထွက်ဆိုချက်အရ သိရသည်။

ယနေ့ သြဂုတ်လ ၂၂ ရက်၊ အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသော ခင်မောင်ရွှေ အပါ အဝင် ၂ ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပေါက်ကွဲမှု သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါဝင်လက်မှတ်ထိုးပေးခဲ့သည့် နွယ်အေး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် ရာအိမ်မှူးဦးသာ အေးတို့ကို သက်ဆိုင်ရာရှေ့နေများက အပြန်အလှန်မေးခွန်းမေးမြန်းကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးခဲ့ရာတွင် နွယ်အေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးက ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အခင်းဖြစ်နေရာသို့ ရာအိမ််မှူးနှင့်အတူ ရောက်ရှိသွားပြီး ကျူးလွန်သူများ အသုံး ပြုခဲ့သော အေဒီဗင် အမျိုးအစား ခဲရောင်အငှားယာဉ်တစ်စီးအား Capital စူပါမားကက်ရှေ့တွင် ရပ်ထားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများရပ်ထားသည့် ယာဉ်အား ရဲတပ်ဖွဲ့ဝင်များက ရှာဖွေပုံစံဖြင့် သက်သေခံအဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ထိုသို့ သက်သေခံအဖြစ် သိမ်းဆည်းရာတွင် ၄င်းကိုယ်တိုင်ပါဝင်ခဲ့ခြင်း မရှိသည့် အတွက် အငှားယာဉ်ပေါ်တွင် အခြားဖောက်ခွဲရေးပစ္စည်းရှိ၊ မရှိကို မသိကြောင်း၊ သက်သေ တစ်ဦး အဖြစ်သာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းစိုးက တရားရုံးရှေ့တွင် ထွက်ဆိုခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော Capital စူပါမားကက် ဒုတိယထပ်မှ M 150 အချိုရည်ပုလင်းကွဲစများ၊ ပစ္စည်းအပိုင်း အစများ၊ စူပါမားကက်ရှေ့ရှိ အမှိုက်ပုံးအတွင်းမှ M 150 အချိုရည်ပုလင်း ၃ ပုလင်းတို့ကိုလည်း ရဲတပ်ဖွဲ့မှ ရှာဖွေပုံစံဖြင့် သက်သေခံပစ္စည်းများအဖြစ်သိမ်းဆည်းရာတွင် သက်သေတစ်ဦးအဖြစ် လက်မှတ်ထိုး ပေးခဲ့ရ ကြောင်း နွယ်အေးရပ်ကွက် ရာအိမ်မှူး ဦးသာအေးကလည်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အဆိုပါ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ Capital စူပါမားကတ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စူပါမားကက်ရှိ ပလစ်စတစ်အရောင်းခန်းမ၊ ဒုတိယထပ်နှင့် တတိယထပ်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်ရှိ Capital စူပါမားကက်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအပါအဝင် ရန်ကုန် တိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် မရမ်းမြို့နယ်ရှိ အိုးရှင်းစူ ပါမားကက်၊ နိုဝင်ဘာလ၂၄ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရှိ လ.ဝ.က ရုံးအတွင်းနှင့် နိုဝင်ဘာလ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း တို့တွင်လည်း အလားတူပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတို့တွင် အမှု ၆ မှု ဖြင့်တရားစွဲဆိုထားပြီး ထိုသို့စွဲဆိုထားသော အမှု ၆ မှုလုံးတွင် ဖမ်းဆီးခံထားရသော ခင်မောင်ရွှေမှာ ပါဝင်နေသည်။

အဆိုပါ ဖမ်းဆီးခံထားရသော ခင်မောင်ရွှေအပါအဝင် ၂ ဦးအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဒေါပုံမြို့ နယ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပြစ်မှုကြီးအမှတ် ၁ဝ၇/ ၁၇၊ ပြစ်မှုကြီးအမှတ် ၁၃၂/၁၇ တို့ဖြင့် တရားစွဲဆိုထားကာ စစ်ဆေးနေခြင်းဖြစ်ပြီး ဒေါပုံမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်အတွက် တရားလိုပြသက်သေ ၁၇ ဦးတင်ထာပြီး ၁၂ ဦးထိ စစ်ဆေးပြီးစီး ခဲ့ပြီ ဖြစ်ကြောင်း တရားရုံးမှ သိရသည်။

အဆိုပါ M 150 အချိုရည်ပုလင်းအသုံးပြု ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လိုပြသက်သေများကို ဆက်လက် စစ်ဆေးရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ လာမည့် သြဂုတ်လ ၂၉ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required