ကုန်ကားအများစု အချက်ပြမီးနှင့်ပတ်သက်ပြီး မှားယွင်းမှတ်သားမှုများရှိနေ၍ မှန်ကန်သော အချက်ပြမီးစနစ် အသိပညာပေးမှု မန္တလေးပြုလုပ်

ကုန်ကားအများစု အချက်ပြမီးနှင့်ပတ်သက်ပြီး မှားယွင်းမှတ်သားမှုများရှိနေ၍ မှန်ကန်သော အချက်ပြမီးစနစ် အသိပညာပေးမှု မန္တလေးပြုလုပ်

ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မှန်ကန်သော အချက်ပြမီးစနစ် လိုက်နာကျင့်သုံးကြရန် သြဂုတ် ၁၉ရက် ညနေက မန္တလေးမြို့ အောင်ပင်လယ်တိုးဂိတ်အနီးတွင် ပြုလုပ်ခဲ့သည်။

အမှတ်(၈၆) ပုသိမ်ကြီးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး နှင့် လမင်းယာဉ်မောင်းသင်တန်းတို့ ပူးပေါင်း၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ကမ်းပိန်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မှန်ကန်သော အချက်ပြမီးစနစ် လိုက်နာကျင့်သုံးရန် အသိပညာပေး လက်ကမ်းစာစောင်ဝေခြင်းကို မန္တလေးမြို့ မြို့ဝင်/ မြို့ထွက် ဂိတ်များ ဆောင်ရွက်ထားရှိပြီး မကြာမှီရက်ပိုင်းအတွင်း မန္တလေး မြို့တွင်းရှိ အထင်ကရနေရာများ နှင့် အဓိက လမ်းမကြီးများတွင် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

''အချက်ပြမီးစနစ်မှာ အိမ်စီးကားတွေမှာ အမှားသိပ်မတွေ့ပေမယ့် ကုန်ကားကြီးတွေ တော်တော်များများက ကျော်တက်စေချင်ရင် ဘယ်ဘက်မီးကို ပြတယ်၊ ဘယ်ဘက် အချက်ပြမီးကို ပြပြီး   ကျော်တက်စေတဲ့ အမှားတွေကို အမှန်ဖြစ်အောင် အသိပညာပေးဟောပြောတွေ လက်ကမ်းစာစောင် ဖြန့်ဝေပြီး အသိပညာပေးတာတွေ လုပ်ဆောင်နေပါတယ် '' ဟု အမှတ်(၈၆) ပုသိမ်ကြီးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ် အောင်ကျော်မိုးက ပြောသည်။

မန္တလေးမြို့၏ မြို့ဝင်/မြို့ထွက် ဂိတ်များဖြစ်သော အိုးဘိုတိုးဂိတ်၊ အောင်ပင်လယ်တိုးဂိတ်၊ ရွှေကြက်ယက်တိုးဂိတ်၊ ရွှေကျင်တိုးဂိတ် စသည့် နေရာများတွင်လည်း အသိပညာပေး ဆိုင်းဘုတ်များ ထောင်၍ အသိပညာပေးခြင်းများပြုလုပ်လျက်ရှိသည်။

''၂၀၁၇ခုနှစ် ဇွန်လ အလယ်မှာ စတင်၍ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးအချက်ပြမှု မှားယွင်းနေတာတွေကို အမှန်ကို တပြေးညီ တစ်ချိန်ထဲ ပြောင်းလဲကျင့်သုံးနိုင်ဖို့ ရှိပြီးသား စနစ်ကို လူတွေ အသိမှားယွင်းနေတဲ့အတွက် အမှန်ကို တစ်ပြိုင်နက်ထဲ ပြင်ဖို့ အသိပေး နှိုးဆော်ထားတာရှိပါတယ်၊ ဒီကိစ္စကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်ပြီး လိုက်နာ ကျင့်သုံးကြဖို့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ဒီနေ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေဖြစ်တာပါ '' ဟု လမင်းယာဉ်မောင်းသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးလွင်လွင်ထွန်းက ပြောသည်။

၁၉၈၉ခုနှစ် မော်တော်ယာဉ် နည်းဥပဒေအရ ထုတ်ပြန်ထားသော ညွန်ကြားချက်တွင် မော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်းကို ယာဉ်၏ လက်ယာဘက်မီးဖြင့် အချက်ပြရန် ပြဋ္ဌာန်းထားပြီးဖြစ်သည်။

မော်တော်ယာဉ်မောင်းသူများ အနေဖြင့် ကျော်တက်ရန် အချက်ပြမှုအမှန်သို့ ချောမောစွာ ပြောင်းလဲကျင့်သုံးနိုင်စေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသိပညာပေးမှုများ၊ စစ်ဆေးကြပ်မတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ (၂၀၁၇)ခုနှစ် စက်တင်ဘာ(၁)ရက် နံနက်(၆)နာရီမှစတင်၍ တစ်နိုင်ငံလုံးရှိ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်း အားလုံး၌ ယာဉ်မောင်းအားလုံးသည် အမှန်မီးအချက်ပြမှုကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ တစ်ပြေးညီ စတင်ကျင့်သုံးကြရန် တိုက်တွန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required