ချယ်လ်ဆီးအသင်းအင်အား ယမန်နှစ်ကထက်ပိုတောင့်ဟု မော်ရင်ဟိုပြော

ချယ်လ်ဆီးအသင်းအင်အား ယမန်နှစ်ကထက်ပိုတောင့်ဟု မော်ရင်ဟိုပြော

သြဂုတ် ၁၉၊ မန်ချက်စတာ။                ။ ချယ်လ်ဆီးအသင်းသည် အင်အားနည်းနေသည့်အသင်းမဟုတ်ဘဲ ယမန်နှစ်ကထက်ပိုတောင့်တင့်လာသည်ဟု မန်ချက်စတာ ယူနိုက်တက်နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်း၏ ကစားသမားအင်အားနည်းနေမှုအပေါ် နည်းပြကွန်တီက ဝေဖန်စောဒကတက်နေစဉ် နည်းပြဟောင်း မော်ရင်ဟိုက ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

အသင်းဟောင်းထံမှ ကွင်းလယ်ကစားသမား မာတစ်ကိုပေါင်သန်း ၄၀ ဖြင့်ပြန်လည်ခေါ်ယူထားသည့် မော်ရင်ဟိုက “ဥပမာ တစ်ခုပြောရရင် ချယ်လ်ဆီးအသင်း အဓိကကွင်းလယ်ကစားသမားတစ်ယောက်ဆုံးရှုံးထားတယ်လို့ လူတွေကပြောနေကြတယ်။

ဒါပေမဲ့ တစ်ယောက်ပဲဆုံးရှုံးလိုက်ရတာလေ။ ဘာကာယိုကိုနဲ့ ဒရင့်ဝါးတားတို့ရှိနေတာပဲ။ ဥပမာ ပြောတာပါ။ ပြဿနာကဘာလဲ။ ရောင်းပဲရောင်းပြီး ပြန်မဝယ်မှ ပြဿနာပါ။   ရောင်းလည်းရောင်းတယ် ပြန်လည်းဝယ်တယ်ဆို ဘာအရေးလဲ”ဟု ပြောသည်။

ချယ်လ်ဆီးအသင်းသည် မိုနာကိုမှ ဘာကာယိုကိုအား မာတစ်ကိုရောင်းချသည့် ပေါင်သန်း ၄၀ စျေးနီးပါးဖြင့် ပြန်ခေါ်ထားပြီး လက်စတာကွင်းလယ်လူ ဒရင့်ဝါးတားကိုလည်း ပေါင် ၂၅ သန်းဖြင့်ခေါ်ယူနိုင်ရန် လွန်စွာနီးစပ်နေသည်။

ကွန်တီ၏ ကစားသမားစာရင်းနှင့်ပတ်သက်ပြီး မော်ရင်ဟိုက ဆက်လက်၍ “မနှစ်တုန်းကထက်တောင် ပိုတောင့်ချင်တောင့်နိုင် တယ်။ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတိုင်းက ငွေကြေးလုံလောက်မှုနဲ့ အတူ ရှိသင့်သလောက် အင်အားတောင့်တင်းကြတယ် လို့ ကျွန်တော်ယူဆပါတယ်။

ဥရောပပြိုင်ပွဲမှာဆိုရင်လည်း ချန်ပီယံလိဂ်မှာကစားမယ့် ငါးသင်း၊ ယူရိုပါလိဂ်မှာကစားမယ့် နှစ်သင်း၊ စုစုပေါင်း ခုနစ်သင်းက အရာရာတိုင်းအတွက် ပြိုင်ပွဲဝင်နေပြီး အားလုံးလည်း အင်အားတောင့်တင်းကြပါတယ်။

သူတို့ (ပြိုင်ဘက်တွေ)မှာ ပြဿနာရှိတယ်ဆိုရင်လည်း နှစ်ပတ်လောက်အတွင်း ပြေလည်သွားပါလိမ့်မယ်။ နောက်နှစ်ပတ်ဆို စျေးကွက်ပိတ်ပြီလေ။ သူတို့မှာ ဘာပြဿနာမှထပ်ရှိလာတော့မှာမဟုတ်ဘူး” ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required