ပေါ်တူဂီက ဘာသာရေးပွဲတော်တစ်ရပ်တွင် နှစ် ၂၀၀ သက်တမ်းရှိ သစ်ပင်ပြိုလဲရာ လူ ၁၂ ဦး သေဆုံး

ပေါ်တူဂီက ဘာသာရေးပွဲတော်တစ်ရပ်တွင် နှစ် ၂၀၀ သက်တမ်းရှိ သစ်ပင်ပြိုလဲရာ လူ ၁၂ ဦး သေဆုံး

လစ္စဘွန်း၊ သြဂုတ် ၁၆ ။            ။ ပေါ်တူဂီနိုင်ငံ မာဒီးရာကျွန်းတွင် ပြုလုပ်သည့် ထင်ရှားသော ဘာသာရေးပွဲတော်တစ်ရပ်တွင် သက်တမ်းကြီးရင့် သစ်ပင်ကြီးတစ်ပင် ပြိုလဲရာမှ လူ ၁၂ ဦး သေဆုံးပြီး ၅၂ ဦး ဒဏ်ရာရသည်။

ကျွန်း၏ မြို့တော် ဖန်ချယ်တွင် ကျင်းပနေသည့် ခရစ်ယာန်ဘာသာရေးပွဲဖြစ်သော Nossa Senhora do Monte ပွဲတော်သို့ လူများစွာ စုရုံးရောက်ရှိစဉ် သစ်ပင်ပြိုလဲကျခြင်း ဖြစ်သည်။

မာဒီးရာကျွန်း၏ အကြီးဆုံး နှစ်စဉ်ပွဲတော်ဖြစ်သော ယင်းပွဲတော်ကို သြဂုတ် ၁၄ နှင့် ၁၅ ရက်တို့တွင် ကျင်းပပြီး ဖန်ချယ်မြို့စွန် ခရစ်ယာန်ဘုရားကျောင်းသို့ လူများ စုရုံးရောက်ရှိကြခြင်းဖြစ်သည်။

လဲကျသည့် သစ်ပင်သည် နှစ် ၂၀၀ သက်တမ်းရှိ ဝက်သစ်ချပင်ကြီးဖြစ်သည်။ မည်သည့်အတွက် ပြိုလဲခြင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဘာသာရေးအကြီးအကဲများက ပြောသည်။

ဒဏ်ရာရသူများတွင် ခုနစ်ဦးက စိုးရိမ်ဖွယ်ရှိကြောင်း ဒေသကျန်းမာရေးအရာရှိ ပီဒရိုရာမို့စ်က ဆိုသည်။ သေဆုံးသူက ၁၂ ဦးတွင် ဆယ်ဦးက နေရာတွင်ပင် သေဆုံးခြင်းဖြစ်သည်။

ကလေးတစ်ဦးက ဆေးရုံသွားရာလမ်းပေါ်တွင် သေဆုံးခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးက နောက်ပိုင်းတွင် သေဆုံးခြင်းဖြစ်သည်။

အရေးပေါ်ကယ်ဆယ်ရေးလုပ်သားများ ဖြစ်ပွားရာနေရာသို့ ရောက်ရှိကူညီနေပုံ၊ အရေးပေါ်ကားများ လူနာများ တင်ဆောင်သွားပုံနှင့် လဲကျသည့် သစ်ပင်မှ သစ်ကိုင်း အကိုင်းအခက်များကို အလုပ်သမားများက လွှများဖြင့် တိုက်ဖြတ်နေပုံတို့ကို ရုပ်သံက ထုတ်လွှင့်ပြသသည်။

ဝန်ကြီးချုပ် အန်တိုနီယိုကိုစတာက “သစ်ပင်လဲကျရာမှာ သေဆုံးသူတွေအတွက် ကျွန်တော် ဝမ်းနည်းမိပါတယ်။ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူဝမ်းနည်းမိတယ်။”ဟု တွစ်တာတွင် ရေးသားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required