YBS ယာဉ်စီးခအား ကတ်စနစ်ဖြင့် ငွေပေးချေမှုစနစ် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်မည်

YBS ယာဉ်စီးခအား ကတ်စနစ်ဖြင့် ငွေပေးချေမှုစနစ် လာမည့် နှစ်ဆန်းပိုင်းတွင် စတင်မည်
ဓာတ်ပုံ -  ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ သြဂုတ်လ ၁၅ ။              ။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှုစနစ်အား လာမည့် ၂ဝ၁၈ ခုနှစ်၊ နှစ်ဆန်းပိုင်း   ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် Yangon Payment Services (YPS) ၏ ကတ်စနစ်ဖြင့် ငွေပေးချေမှုလုပ်ငန်း တင်ဒါ ကြီးကြပ်ရေးအဖွဲ့မှ တင်ဒါခေါ်ယူမှုလုပ်ငန်း စဉ်ရှင်းလင်းပွဲတွင် ဒေါ်နီလာကျော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ကတ်စနစ်ဖြင့် ငွေပေးချေမှုစနစ်အတွက် စီးပွားရေးလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းခြင်းအစီအစဉ်ကိုလည်း အဆိုပါ အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

“ လက်ရှိမှာ ခရီးသွားပြည်သူတွေနဲ့ အုံနာတွေ ကြားမှာ အဆင်မပြေမှုတွေ ဖြစ်နေတဲ့အတွက် ဒီကတ်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် ပြည်သူလည်း အဆင်ပြေမယ်။ အုံနာတွေလည်း အဆင်ပြေမှာမို့ စတင်ပြီး ဆောင်ရွက် ခြင်းဖြစ်ပါတယ်။ တင်ဒါခေါ်ယူခြင်းတွေ စမ်းသပ်ကာလ ပြီးတာနဲ့ နောက်နှစ် ဖေဖော်ဝါရီလမှာ ကတ်စနစ်နဲ့ ငွေပေးချေမှုစနစ်ကို စသုံးပါမယ်။ ဒီကြားထဲမှာ အချိန်လေးလလောက်ယူပြီး ဆောင်ရွက်သွားပါမယ်”ဟု ဒေါ်နီလာကျော်က ပြောသည်။

အဆိုပါ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုစနစ်မှာ ခရီးအကွာအဝေး မိုင်အလိုက် ကျသင့်ငွေအား တွက်ချက် ယူမည့် စနစ်ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ပေးဆောင်ထားသည့် ဝန်ဆောင်မှုအတွက် ယာဉ်စီးခနှုန်း ထား ပိုမိုပေးဆောင်ရန် မလိုကြောင်း သိရသည်။

ထိုသို့ အစိုးရအနေဖြင့်ဖော်ဆောင်မည့် ကတ်စနစ်ဖြင့် ငွေချေမှုစနစ်အတွက် တင်ဒါခေါ်ယူမှုအနေဖြင့် Cards Issuing လုပ်ငန်း၊ Cards Acquiring လုပ်ငန်းနှင့် Cards Top up အေးဂျင့်လုပ်ငန်းများကို ဆောင်ရွက်ရန် လုပ်ကိုင်လိုသည့် နိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများ၊ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများမှာ တင်ဒါ တင်သွင်းနိုင်ကြောင်း သိရသည်။

ကတ်စနစ်ဖြင့် ငွေပေးချေမှုစနစ်အတွက် တင်ဒါ အဆိုပြုလွှာ ပထမဆင့်အား သြဂုတ်လ ၉ ရက်တွင် စတင်ရောင်း ချခဲ့ကာ အဆိုပါ တင်ဒါအဆိုပြုလွှာများကို သြဂုတ် ၂၅ ရက်တွင် စတင်လက်ခံ သွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ထိ လက်ခံပေးသွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required