အားနွဲ့တဲ့ အမျိုးသမီးတွေကို မုဒိန်းကောင်တွေရန်ကနေ ကာကွယ်ပေးမယ့် အိန္ဒိယက ရဲမေလေးများ

အားနွဲ့တဲ့ အမျိုးသမီးတွေကို မုဒိန်းကောင်တွေရန်ကနေ ကာကွယ်ပေးမယ့် အိန္ဒိယက ရဲမေလေးများ

ဇူလိုင် ၂၅ ။                          ။ ယခင်က အမျိုးသားအများစုသာ လွှမ်းမိုးထားခဲ့တဲ့ အိန္ဒိယက ရဲတပ်ဖွဲ့အတွင်းမှာတော့ ယခုဆိုရင် အမျိုးသမီးရဲမေတွေနဲ့ပဲ သီးသန့်ဖွဲ့ထားတဲ့ အဖွဲ့ခွဲတွေလည်း ရှိနေပြီ ဖြစ်ကာ နိုင်ငံမှာ အဖြစ်များနေခဲ့တဲံ အမျိုးသမီးအများစု လိင်အကြမ်းဖက်ခံနေရမှုတွေကို ကာကွယ်ပေးသွားဖို့ အသင့် ရှိနေကြပြီ ဖြစ်ပါတယ်။

ယခုဆိုရင် နိုင်ငံ အနောက်မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲမေ အဖွဲ့တွေအနေနဲ့ လမ်းတွေမှာ လှည့်လည်ကာ ကင်းလှည့်စောင့်ကြည့်မှုတွေ ခပ်စိတ်စိတ်ပြုလုပ်နေလျက်ရှိပြီး နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ အမှုအခင်းတွေ လျော့ကျပပျောက်သွားဖို့၊ မုဒိန်းမှုတွေကို မဖော်ရဲဘဲ နှုတ်ပိတ်နေလေ့ရှိတဲ့ အစဉ်အလာဆိုးကို ချေဖျက်ပစ်နိုင်ဖို့ ကြိုးပမ်းနေလျက်ရှိပါတယ်။

" ခုချိန်ကစပြီး ပြည်သူတွေကို ကျွန်မတို့ ပေးချင်တဲ့ မက်ဆေ့ချ်ကတော့ အမျိုးသမီးတွေအပေါ် ကျူးလွန်လာမယ့် ဘယ်လိုပြစ်မှုမျိုးမဆို ကျွန်မတို့ ရဲမေတွေဘက်က လုံ့ဝ သည်းခံသွားမှာမဟုတ်ဘူးဆိုတာပါပဲ" လို့ ပြီးခဲ့တဲ့ မေလကမှ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အမျိုးသမီးရဲမေအထူးအဖွဲ့တစ်ခုကို ဦးစီးနေတဲ့ ရဲမေ Kamal Shekhawat က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာဆိုရင် လိင်ပိုင်းဆိုင်ရာ စော်ကားပြုကျင့်မှု အမှုအခင်းတွေနဲ့ပတ်သက်လို့ ဆိုးရွားတဲ့ မှတ်တမ်းဆိုးတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ ယင်းနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အဓမ္မပြုကျင့်မှုဖြစ်စဉ်ပေါင်း ၄၀,၀၀၀ နီးပါးလောက် ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် နှုတ်ပိတ်နေသူတွေလည်း ရှိနေတာကြောင့် ယင်းကိန်းဂဏာန်းက ယခုထက် ပိုများနေနိုင်ပါသေးတယ်။

အချက်အလက်တွေအရ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရမှုပိုင်းမှာတော့ ကမ္ဘာပေါ်မှာဆိုရင်လည်း စတုတ္ထမြောက် အဖြစ်အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

" ခုဆိုရင် ကျွန်မတို့ ရဲမေတွေ လုပ်နေတာတွေက ထိရောက်မှုရှိနေပါပြီ၊ ရဲတွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု ပြန်ရဖို့ လုပ်နေတာပါ၊ တရားဥပဒေစိုုးမိုးရေးက ရှိကိုရှိရပါလိမ့်မယ်" လို့ Kamal က ပြောသွားပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required