ချင်းပြည်နယ်ရှိ H1N1 ကြောင့် ကုသမှုခံယူသူများ ဆေးရုံမှဆင်း

ချင်းပြည်နယ်ရှိ H1N1 ကြောင့် ကုသမှုခံယူသူများ ဆေးရုံမှဆင်း

ရန်ကုန် ၊ ဇူလိုင် ၂၅ ။              ။ ချင်းပြည်နယ် မတူပီဆေးရုံ၌ ရာသီတုပ်ကွေးရောဂါ H1N1 ဖြင့် တက်ရောက်ကုသနေသူများ အားလုံးရောဂါပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က သူ့၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

"ဆေးရုံတင်သည့်လူနာများ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကြပြီး နောက် ဆုံးသတင်း အရ ၂၄.၇.၂၀၁၇ ရက်နေ့ ညနေပိုင်းတွင် တစ်ဦးမကျန်အကုန် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း သိရှိရသည်" ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ရေးသားထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီးချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ချင်းပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည် ဖြေဆိုခဲ့ခြင်း မရှိပေ။

ကျန်းမာရေးဦးစီးဌာနမှ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ လူနာ ၁၀ ဦးရှိပြီး သေဆုံးသူ ၁ ဦး ရှိကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

ပြည်သူများအကြားစိုးရိမ်ပူပန်မှုများ ရှိနေသည့် တုပ်ကွေးရောဂါသည် စိုးရိမ်စရာ မရှိဘဲ ရာသီတုပ်ကွေးရောဂါမျှသာ ဖြစ်ပြီး စနစ်တကျ ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  တိုက်တွန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required