ချယ်လ်ဆီးတိုက်စစ်မှူးသစ် မိုရာတာ အသင်းနှင့် ပူးပေါင်းရန် စင်ကာပူသို့ ရောက်ရှိလာ

ချယ်လ်ဆီးတိုက်စစ်မှူးသစ် မိုရာတာ အသင်းနှင့် ပူးပေါင်းရန် စင်ကာပူသို့ ရောက်ရှိလာ

ဇူလိုင် ၂၃၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးတိုက်စစ်မှူးသစ် မိုရာတာသည် သူ၏ အသင်းသစ်နှင့် ပူးပေါင်းရန်အတွက် စင်ကာပူသို့ရောက်ရှိလာခဲ့ရာ ချန်ဂီလေဆိပ်တွင် ပရိသတ်များက ကြိုဆိုခဲ့ကြသည်။

လက်ရှိအချိန်တွင် ချယ်လ်ဆီးအသင်းသည် စင်ကာပူနိုင်ငံ၌ ရောက်ရှိနေပြီး နိုင်ငံတကာချန်ပီယံများဖလားပြိုင်ပွဲ ICC ပြိုင်ပွဲကို ယှဉ်ပြိုင်လျက်ရှိသည်။

အသက် ၂၄ နှစ်အရွယ်ရှိ မိုရာတာသည် ချယ်လ်ဆီးအသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းအတွက် ချယ်လ်ဆီးအသင်းက ရီးယဲလ်အသင်းသို့ ကနဦး ပြောင်းရွှေ့ကြေးပေါင် ၅၈ သန်းပေးချေခဲ့ရသည်။ မိုရာတာ၏ခြေစွမ်းအပေါ်မူတည်ပြီး ပြောင်းရွှေ့ကြေးပမာဏမှာ ပေါင်သန်း ရ၀ အထိ မြင့်တက်သွားမည် ဖြစ်သည်။

အဆိုပါပြောင်းရွှေ့ကြေးသည် စပိန်တိုက်စစ်မှူး တောရက်စ်ကို လီဗာပူးလ်အသင်းမှ ခေါ်ယူခဲ့ရာတွင် ပေးချေခဲ့ရသည့် ပေါင်သန်း ၅၀ ကို ကျော်လွန်ကာ ချယ်လ်ဆီးအသင်း၏ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာခဲ့သည်။

ချယ်လ်ဆီးနှင့် စာချုပ် ချုပ်ဆိုပြီးနောက်တွင် မိုရာတာက ‘ချယ်လ်ဆီးကို ပြောင်းရွှေ့ခွင့်ရလို့ ၀မ်းသာပါတယ်။ ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရလို့ စိတ်လည်းလှုပ်ရှားမိပါတယ်။

ကျွန်တော်တတ်နိုင်သလောက် ဂိုးတွေသွင်းယူပြီး ရနိုင်သလောက်ဆုဖလားတွေရအောင် ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ။

ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်ပြိုင်ပွဲတစ်ခုကို ရောက်လာရလို့လည်း ပျော်ပါတယ်။ ချယ်လ်ဆီးကအသင်းကောင်းတစ်သင်းဖြစ်သလို နည်းပြကွန်တီကလည်း ကမ္ဘာ့ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပါတယ်။ ကွန်တီနဲ့အတူ အလုပ်တွဲလုပ်ရမယ့်အတွက်လည်း ကျွန်တော်ပျော်ပါတယ်။ အက်ပီလီကျူတာနဲ့လည်း စကားပြောပြီးသွားပါပြီ။ ဒီမှာ အားလုံးအဆင်ပြေပါတယ်လို့ သူက ပြောပါတယ်’ ဟု ဆိုခဲ့သည်။

ချယ်လ်ဆီးနည်းပြ ကွန်တီကလည်း မိုရာတာသည် အသက်ငယ်ရွယ်သော်လည်း ဂျူဗင်တပ်စ်နှင့်ရီးယဲလ်တို့တွင် ကစားခဲ့ပြီး အတွေ့အကြုံရှိသည့်တိုက်စစ်မှူးဖြစ်သောကြောင့် အသင်းအတွက် အကျိုးရှိသည့် ခေါ်ယူမှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required