ရန်ကုန်၊ ဇူလိုင် ၂၂ ။ ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ထုတ်ပြန်ချက်သည် ယေဘုယျဆန် သောစွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များစွာ ပါဝင်နေသည် ဟုအစိုးဘက်မှ တုန့်ပြန်လိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ၏ ၁၂ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်မှာ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ အပြီးအစိုးရဘက်မှ ယခုကဲ့သို့ (ဇူလိုင် ၂၁ ညပိုင်း) ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဆယ်စုနှစ်များစွာ ကြုံတွေ့ခဲ့ရသော ပြည်တွင်းပဋိပက္ခများနှင့် ဖွံဖြိုးတိုးတက်မှု နောက်ကျခဲ့မှုတို့ကြောင့် ဖြစ်ပေါ်သည့် ပြဿနာများကိုဖြေရှင်းရာ၌ တွေ့ကြုံရသည့် အခက်အခဲများကို အထူးအစီရင်ခံစာတင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြလိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ အထူးအစီရင်ခံစာတင်သွင်းသူ၏ မြန်မာနိုင်ငံခရီးစဉ်အဆုံး ထုတ်ပြန်ချက်အပေါ် မိမိတို့အနေဖြင့် စိတ်ပျက်ရပါသည် “ ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။
မစ္စယန်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ်လုပ်ပိုင်ခွင့်အပြင် အချက်အလက်ရှာဖွေရေးမစ်ရှင်ဆိုင်ရာ လုပ်ပိုင်ခွင့်များကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အပ်နှင်းထားခြင်းခံရသူဖြစ်သည်။
ထို့ကြောင့် ယခုခရီးစဉ်အတွင်း ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေးမစ်ရှင်အလုပ် များမလုပ်ရန် မြန်မာနိုင်ငံအစိုးရမှ တောင်းဆိုလာသည့်အချိန်တွင် အံသြသင့်ရကြောင်းလည်း သူမကပြောသည်။
ထို့အပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲမှု ပိုများလာသည့်အပေါ် စိုးရိမ်မှုများလာသည်ကို သိရှိရကြောင်းလည်း မစ္စယန်ဟီးလီကသ တင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
အထူးအစီရင်ခံစာတင်သွင်းသူ၏ ခရီးစဉ်အတွင်းတွင် အစိုးရကိုယ်စားလှယ်များသည် မြန်မာနိုင်ငံမှ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ ယင်းစိန်ခေါ်မှုများ ကိုဖြေရှင်းရန် ကြိုးစားမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
အဆိုပါဆွေးနွေးမှုများတွင် မြန်မာနိုင်ငံပြည်သူတို့၏ အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရန် အစိုးရမှကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေ မှုများကို ရှင်းလင်းစွာ ပြောကြား ခဲ့ပြီး အဆိုပါ စိန်ခေါ်မှုများကိုကျော်လွှားရန် သန္နိဋ္ဌာန်ချမှတ်ထားသည် ကိုမြန်မာအစိုးရဘက်ကပြောခဲ့ကြောင်း အစိုးရထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မစ္စယန်ဟီးလီက အစိုးရသစ်လက်ထက်မှာ အရင်အစိုးရတုန်းကသုံးခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆက်သုံးနေတာကို စိတ်ပျက်ဖွယ်တွေ့နေရ သေးသည်ဟုလည်း ပြောသည်။
မစ္စယန်ဟီးလီသည် ထုန်ပြန်ချက်မထုတ်မှီ မနေ့က (ဇူလိုင် ၂၁) မနက်ပိုင်းတွင် မြန်မာနိုုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများ၊ ကာကွယ်တိုုး မြှင့်ရေးကိစ္စများ၊ ရခုုိင်ပြည်နယ် ဖွံ့ဖြိုးတိုုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေ၊ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ် တိုုးတက်မှုအခြေအနေများအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသိရသည်။
၆ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာလာရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သည် အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူအချို့နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။