YBS-Yangon Bus Service အများပိုင်ယာဉ်လိုင်းစနစ် ၆ လပြည့်မြောက်ခဲ့ပြီ

YBS-Yangon Bus Service အများပိုင်ယာဉ်လိုင်းစနစ် ၆ လပြည့်မြောက်ခဲ့ပြီ

ဇူလိုင် ၁၈

စတင်ပြေးဆွဲ

၂၀၁၇ခု၊ ဇန်နဝါရီလ၊ ၁၆ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီ(မထသ)ကို ဖျက်သိမ်းပြီး ယာဉ်လိုင်းပေါင်း(၇၀)ဖြင့်(YBS-Yangon Bus Service) အများပိုင်ယာဉ်လိုင်းစနစ် သစ်ကို စတင်ပြေးဆွဲခဲ့သည်။

အခက်အခဲများ

စတင်ပြေးဆွဲသည့် အချိန်တွင်ကားများ မလုံလောက်သည့်ပြသနာ၊ သွားရမည့် မှတ်တိုင်မသိသည့် ပြသနာ၊ မထသ ကားသမားများနှင့် ခရီးသည်များ အဆင်မပြေသည့် ပြသနာစသည့် ပြသနာများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

YBS မော်တော်ယာဉ်လိုင်းသစ်များ စတင်မပြေးဆွဲမှီကပင် ခရီးသွားပြည်သူများ အခက်အခဲများ ပေါ်ပေါက်ခဲ့ပါက ဝိုင်းဝန်းကူညီပေးရန်အတွက် ပရဟိတအသင်းများ၊ ပရဟိတလူငယ်များက အဆင်သင့်ပြင်ဆင် စောင့်ဆိုင်းနေခဲ့ ကြသည်။ သို့သော်YBS စတင်ပြေးဆွဲသည့် ၂၀၁၇ခု၊ ဇန်နဝါရီ၊ ၁၆ရက်နေ့မှာပင် YBS၏ အခက်အခဲများကို ပြည်သူများ ကြုံတွေ့ခံစားခဲ့ရသည်။

YBS စနစ် ပထမနေ့တွင် Call Center သို့ ခေါ်ဆိုမှုပေါင်း

YBS ဘတ်စ်ကားစနစ် စတင်ပြောင်းလဲသည့် ပထမဆုံးနေ့တွင် 1881 Call Canter သို့ ခေါ်ဆိုမေးမြန်းမှုပေါင်း - ၂၄၅၀၀ကျော် လက်ခံရရှိခဲ့ကြောင်း Blue Ocean မှ စုံစမ်းသိရသည်။

YBS ၏ ပထမဆုံးမှုခင်း

YBS စနစ် စတင်ပြီး ၃ ရက်မြောက်နေ့ (၁၈.၁.၂၀၁၇)ရက်တွင် YBS နံပါတ်(၆)ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်(၂) ဦးက စော်ဘွားကြီးကုန်းမှတ်တိုင်တွင် ခရီးသည်အမျိုးသမီးကို လက်သီးဖြင့် ထိုးသည့် အမှု ဖြစ်ပွားခဲ့သည်။ ယင်းမှုခင်းနှင့် ပတ်သက်၍ "ခေတ်ပြောင်းစနစ်ပြောင်းနောက်ကို မလိုက်ပါနိုင်တဲ့ စပယ်ယာတွေကိုတော့ ကိုယ်တို့ပြင်းပြင်းထန်ထန် အရေးယူခိုင်းထားတယ်၊" ဟု အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဆိုသည်။

တိုင်ကြားမှုပေါင်း

YBS ယာဉ်လိုင်း စတင်ပြေးဆွဲသည့် ဇန်နဝါရီ ၁၆ရက်မှ ဇန်နဝါရီလကုန်ထိ YBS ယာဉ်လိုင်းများအား တိုင်ကြားမှု ပေါင်း ၁၃၀၀ နီးပါးရှိကြောင်း YBS Complain Center မှ သိရသည်။

 ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

ဇန်နဝါရီလ၊ ၁၇ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် သခင်မြပန်းခြံမှ ဗိုလ်ချုပ်လမ်းအတိုင်း YBS -၅၆ယာဉ်ကို လိုက်ပါစီးနင်းခဲ့သည်။

ဘတ်စ်ကားအသစ်များ စတင်မှာယူ

YBS ယာဉ်လိုင်းများ ဒုတိယအဆင့် အနေဖြင့် ဘတ်စ်ကားသစ်များ လဲလှယ်ပြေးဆွဲနိုင်ရန် တရုတ်နိုင်ငံမှ ယာဉ်အစီးရေ ၁၀၀၀ စတင်မှာယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အ ဖွဲ့ (YRTA)မှ သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ကျန်းမာရေးခွင့်ယူ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နှလုံးခွဲစိတ်ကုသမှုခံယူရန် မတ်လ ၄ ရက်နေ့မှ စ၍ ကျန်းမာရေး ခွင့်ယူခဲ့ပြီးထိုသို့ ခွင့်ယူနေစဉ် YBS စနစ်၏ စီမံခန့်ခွဲမှုများကို လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက် တာဝန်ယူခဲ့သည်။

YBS ၏ ပထမဆုံးအမျိုးသမီးယာဉ်မောင်း

လှိုင်သာယာမြို့နယ် အနောက်ပိုင်းတက္ကသိုလ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲနေသည့် YBS အမှတ်၂၁ ယာဉ်လိုင်းတွင် (ခ)လိုင်စင်ကိုင်ဆောင်သော အသက်(၃၀)နှစ်အရွယ် မမြတ်ရည်မွန်အား အမျိုးသမီးယာဉ်မောင်းအဖြစ် မတ်လ ၄ရက်နေ့တွင် စတင်ခန့်အပ်ခဲ့သည်။

YBS စနစ် သုံးရက်အတွင်း စနစ်တကျပြောင်းလဲနိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ရန်ကုန်မှာ ဘတ်စ်ကားယာဉ်လိုင်းတွေကို မထသအဖြစ်ပြေးဆွဲလာခဲ့တဲ့ နှစ် ၅၀ ကျော်ဆောင်ရွက်ခဲ့မှု တစ်ရပ်ကို ကျွန်တော်တို့ ရပ်ဆိုင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အပြောင်းအလဲဟာ စနစ်အပြောင်းအလဲဖြစ်ပါတယ်။ စနစ်ကိုစတင်နိုင်ဖို့အတွက် YBS ယာဉ်လိုင်းကို စတင်ခဲ့ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်လာမှုကြောင့် စနစ်တစ်ရပ်လုံးဟာ သုံးရက်တာကာလလောက် အတွင်းမှာပဲ စနစ်တကျ ပြောင်းလဲနိုင်ခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ်၏ တစ်နှစ်တာဆောင်ရွက်ချက်များ အား မတ်လ၊ ၃၁ရက်တွင် MRTVမှ   ပြောကြားခဲ့သည်။

YBS ယာဉ်လိုင်းစနစ် တိုင်းလွှတ်တော်တွင် ဝေဖန်ခံရ

မတ်လ- ၅ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွတ်တော် စတုတ္ထပုံမှန်အစည်းအဝေး- ၆ရက်မြောက်နေ့တွင် 'YBS ယာဉ်လိုင်းစနစ်က မိတ်ကပ်တွေ ကွာကျသွားတဲ့အခါ မထသအတိုင်း   ပြန်ဖြစ်လာတယ်' ဟုအင်းစိန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ YBS စနစ်ဆောင်ရွက်မှုတွေနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြရန်တင်သွင်းသော အဆိုတွင် ဝေဖန်ပြောကြားခဲ့သည်။

မီနီဘတ်စ်များအစား ကားသစ်များ အစားထိုး

မေလ ၂၅ရက်နေ့မှစ၍ YBS ၅၆ ယာဉ်လိုင်းတွင် မီနီဘတ်စ်များအစား ကားသစ်များကို အစားထိုးပြေးဆွဲခဲ့သည်။

တရုတ်နိုင်ငံထုတ် ကားအသစ်များရောက်ရှိ

မေလ-၁၂ရက်တွင် YBS စနစ်တွင်း ထည့်သွင်းပြေးဆွဲရန် ဝယ်ယူထားသည့် တရုတ်နိုင်ငံထုတ်ဘတ်စ်ကားအား ရန်ကုန်မြို့ ၊ပြည်သူ့ရင်ပြင်ဝန်းအတွင်းသို့ ရောက်ရှိခဲ့သည်။

ဘတ်စ်ကားအစီး ၁၀၀၀ လွဲပြောင်း

ရန်ကုန်မြို့ ၊ပြည်သူ့ရင်ပြင်တွင်ဇွန်လ-၁၀ရက်နေ့က YBS ဘတ်စ်ကားစနစ်အတွက် ဝယ်ယူထားသော ဘတ်စ်ကား သစ်အစီး ၁၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုးရွားဆုံးယာဉ်တိုက်မှု

ဇူလိုင်(၇)ရက်နေ့တွင် YBS-၃၇ နှင့် YBS- ၅၅ ယာဉ်နှစ်စီးသည် ရန်ကုန်-ပြည်လမ်း၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေ ညောင်ပင်ဘိုးဘိုးကြီး၊ နတ်နန်းအဟောင်းရှေ့တွင် မတော်တဆ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ယာဉ်မတော် တဆမှုကြောင့် ၅၅ ယာဉ်မောင်းအပါအဝင် သေဆုံးသူ ၁၀ ဦးရှိပြီး ၃၈ ဦးဒဏ်ရာရရှိခဲ့သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော ၅၅ ယာဉ်လိုင်းအား ဖျက်သိမ်းပြီး ၎င်းယာဉ်လိုင်းနေရာတွင် ယာဉ်လိုင်းနံပါတ် ၉၀အား အစားထိုးကာ တိုက်ကြီးမှ ထောက်ကြန့်ထိ ပြေးဆွဲခွင့်ပြုခဲ့သည်။

ယာဉ်နောက်လိုက်များ မထားတော့

ဇူလိုင်၂၀ရက်နေ့မှစ၍ YBS ယာဉ်များအားလုံးတွင် စပယ်ယာ ယာဉ်အကူ မထားတော့ဘဲ ယာဉ်စီးခ ပေးချေရာတွင် ငွေထည့်ပုံး Cash Box များကားအားလုံးတွင် တပ်ဆင်ရမည် ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required