သိန္နီမြို့ အဝင်အထွက်ကို MNDAA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထား

By 009 (မဇ္ဈိမ)
31 October 2023
သိန္နီမြို့ အဝင်အထွက်ကို MNDAA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထား
ဓာတ်ပုံ- သိန္နီမြို့ကို ထိန်းချုပ်ထားသည့် မဟာမိတ်တပ်ဖွဲ့ဝင်များကို မြို့တိုးဂိတ်တွင် တွေ့ရစဉ် (photo-CJ)

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က အချက်အချာကျသည့် သိန္နီမြို့အဝင်အထွက်ကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာ ၃၀ ရက်နေ့မှာ စစ်ဆင်ရေး လေးရက်မြောက်နေ့အဖြစ်  ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့အနီးက တပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့ အောက်တိုဘာ ၂၉ နံနက်အစောပိုင်းမှာဘဲ သိန္နီမြို့အထွက် တိုးဂိတ်ရှိ စစ်ကောင်စီတပ်စခန်းနဲ့ သိန္နီ မြို့မရဲစခန်းကို MNDAA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်များတွင် ဝင်ရောက်လှုပ်ရှားခဲ့သည်။

ယမန်နေ့ နံနက်စောပိုင်းမှာ သိန္နီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်စီးလိုက်သကဲ့သို့ မြို့အဝင် သိန္နီတံတားရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကိုလည်း ပူးပေါင်းတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 

သိန္နီမြို့သည် ရှမ်းမြောက်ဒေသ တိုက်ပွဲများကို ကွပ်ကဲနေသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိရာ လားရှိုးမြို့နှင့် ၂၅ မိုင်ခန့်သာ ကွာဝေးသည့် စစ်ရေးအရာ အချက်အချာကျသည့် လမ်းကြောင်းပေါ်က မြို့ဖြစ်သည်။ 

ချင်းရွှေဟော်မြို့ကို MNDAAက သိမ်းပိုက်ထားချိန်မှာ စစ်ကောင်စီ၏ မြေပြင် စစ်ကူလမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် သိန္နီ မြို့အဝင် တံတားကိုလည်း ဗုံးဖောက်ခွဲဖျက်ဆီးခဲ့ပြီး မြို့ပေါ် အဝင်အထွက်ကို ထိန်းချုပ်ထားကြောင်း MNDAA၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက Mizzima ကို ယနေ့နံနက်ပိုင်းတွင် ပြောသည်။

“ သိန္နီမြို့နယ်မှာတော့ ချင်းရွှေဟော်မြို့လိုမျိုး စစ်ကောင်စီ လုံး၀ ကင်းရှင်းသွားတဲ့ အနေထားထိတော့ မရောက်သေးဘူး၊ မြို့နဲ့အနီးတွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်ခိုက်နေပါတယ်၊ မြို့ပေါ်ကိုတော့ ထိန်းထားနိုင်ပြီ” ဟု  MNDAA၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

သိန္နီမြို့အထွက် တိုးဂိတ်ကို ပူးပေါင်းတပ်ဖွဲ့များဘက်က လုံခြုံရေးနေရာချထားပြီး ကုန်ကားများနှင့် ကန့်လန့်ထိုး ပိတ်ဆို့ထားသကဲ့သို့ သိန္နီ - မူဆယ်နှင့် သိန္နီ - ချင်းရွှေဟော် လမ်းစုံလမ်းခွဲကိုလည်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရအောင် မြောင်းလေးခုနှင့် ကန့်လန့်တူးထားပြီး လမ်းပိတ်ဆို့ထားသည်။

သိန္နီမြို့အဝင် တံတားနှင့် သိန္နီ - မူဆယ်၊ ချင်းရွှေဟော် လမ်းစုံလမ်းပိုင်းများသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်များရှိသည့် လမ်းကြောင်းပေါ်က မန္တလေး-မူဆယ်လမ်းပိုင်းနဲ့ မန္တလေး-ချင်းရွှေဟော်လမ်းပိုင်း၏ ဖြတ်တန်းသွားလာရမည့် တခုတည်းသော မြို့ဖြစ်သကဲ့သို့ စစ်ရေးအရလည်း အချက်ချာကျသည့် လမ်းပိုင်းများ ဖြစ်သည်။

သိန္နီမြို့ခံများကမူ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိဘဲ မြို့ပေါ်က အခြေခံစားသောက်ကုန်များနှင့် ဆန်တွေကို စုဆောင်းဝယ်ယူထားကြပြီး ကိုင်ပိုင်နေအိမ်များတွင် ခိုလုံနေထိုင် နေကြကြောင်း မြို့ခံ အမျိုးသမီး တဦးက Mizzima ကို ပြောသည်။

“ မြို့အဝင်အထွက်တော့ သွားလာလို့မရတော့ဘူး၊ လမ်းရော တံတားရော ဖျက်ဆီးထားပြီလေ၊ မြို့ပေါ်မှာတော့ ကုန်ကားကြီးတွေ ပိတ်မိနေတာလည်း ရှိတယ်။ ကျွန်မတို့တော့ အိမ်ထဲမှာဘဲနေကြတယ် အပြင်မထွက်ကြဘူး“ ဟု မြို့ခံအမျိုးသမီးက ပြောသည်။

ယမန်နေ့ မွန်းလွဲပိုင်းမှာ တွေ့ရသည့် လူမှုကွန်ရက် စာမျက်နှာပေါ်က ဗီဒီယိုဖိုင်များတွင် သိန္နီမြို့ပြင်မှ ဆန်အိတ်များ သယ်ယူနေကြသည့် ဒေသခံများကို မြို့အထွက်ဂိတ်ရှိ လုံခြုံရေးယူထားသည့် MNDAA တပ်ဖွဲ့ဝင်များက လမ်းရှင်းပေးခြင်း၊ စကားပြောဆိုမှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။ 

လက်ရှိအချိန်မှာ သိန္နီမြို့အနီး အထိုင်ချထားသည့် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်စခန်းများနှင့် တရုတ်-မြန်မာ သွင်းကုန်ပို့ကုန် ရေပူစစ်ဆေးရေးဂိတ်ရှိ စစ်တပ်စခန်းများကို ပူးပေါင်းတပ်များက ဆက်လက်စီးနင်းတိုက်ခိုက်နေသည်။

TNLA ဘက်ကလည်း သိန္နီမြို့နယ် သိန္နီ - လားရှိုးလမ်းပိုင်းပေါ်က မိုင်းလီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မိုင်းကျက်တပ်စခန်းကို ဆက်လက်တိုက်ခိုက်ချေမှုန်းနေကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကို အစွဲပြုပြီး (၁၀၂၇ စစ်ဆင်ရေး)အဖြစ် မြောက်ပိုင်း ညီနောင် သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLAနှင့်  ရခိုင်တပ်တော်(AA)တို့သည် စစ်ဆင်ရေး လေးရက်မြောက်နေ့အဖြစ် တရုတ်နယ်စပ်က မူဆယ်ခရိုင် မုံးကိုးမြို့နယ် ဖောင်းဆိုင်မြို့ရှိ စစ်ကောင်စီ တပ်စခန်း လေးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ဖောင်းဆိုင်မြို့ကို ယမန်နေ့ ညနေ (၆)နာရီခန့်မှာ အောင်မြင်စွာ သိမ်းပိုက်ရရှိထားကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ 

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly