ဧရာဝတီတိုင်းတွင် ၂ လအတွင်း  ၁၄ ဦး သေဒဏ်ချမှတ်ခံရ

By မင်းထက် (မဇ္စျိမ)
31 October 2023
ဧရာဝတီတိုင်းတွင် ၂ လအတွင်း  ၁၄ ဦး သေဒဏ်ချမှတ်ခံရ
ဓာတ်ပုံ - မအူပင်နဲ့ဖျာပုံခရိုင်မှ အမျိုးသား/သမီးများ ဖမ်းဆီးခံရစဥ် စစ်ကောင်စီကထုတ်ပြန်ထားသည့်ပုံ

ဧရာဝတီတိုင်းတွင် ယခု ၂၀၂၃ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလ နှစ်လအတွင်း အမျိုးသား ၁၄ ဦး သေဒဏ်ချမှတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ အမျိုးသား တဦးနှင့် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ အမျိုးသား ခုနစ်ဦး၊ ဘိုကလေးမြို့နယ်မှ အမျိုးသား ခြောက်ဦးတို့ကို ရာဇသတ်ကြီးပုဒ်မ၊ ပုဒ်မ ၃၀၂ -၁(ခ) ဖြင့်သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

"စစ်တပ်နဲ့ ရဲတွေဘက်က PDF တွေလို့စွပ်စွဲပြီး သေဒဏ်ချတာပါ။ ၁၄ ယောက်လုံး ရှေ့နေငှားခွင့်ရတယ်။ ဒါပေမဲ့ ထူးတော့မထူးပါဘူး။ စစ်တပ်ကချခိုင်းတဲ့ အမိန့်အတိုင်း သေဒဏ်ချသွားတာပါပဲ။ သေဒဏ်နဲ့ပတ်သတ်ပြီး အားလုံး အယူခံဝင်ခွင့်ရတယ်လို့သိရတယ်" ဟု သေဒဏ်ချမှတ်ခံရသူ တဦး၏ မိသားစုဝင်ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က ဘိုကလေးမြို့ နယ်နေ ကိုပြည့်စုံဖြိုး ၊ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်းတို့  လေးဦးသေဒဏ်ချမှတ်ခံခဲ့ရသည်။

ယင်းပြင် စက်တင်ဘာလ ၂၈ ရက်နေ့က ဘိုကလေးမြို့ နယ်နေ ဦးဝင်းဌေး၊ ကိုကျော်မိုးလွင်နှင့် မအူပင်မြို့နယ်နေ ကိုဝေယံကျော်တို့  သုံးဦးသည်လည်း သေဒဏ်ချမှတ်ခံခဲ့ရသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင်မူ ဖျာပုံမြို့နယ်မှ ဦးဝဏ္ဏထွန်း၊ ကိုစံလင်းစံ၊ ဦးကိုကိုအောင်၊ ကိုကျော်ဆန်းဦး၊ကိုသူရဖြိုး(ခ)ဝတုတ်၊ကိုထွန်းထွန်းဦး (ခ)စနေ နှင့် ကိုအောင်မိုးမြင့်(ခ)အေးမင်းသူတို့ ခုနစ် ဦး သေဒဏ်ချမှတ်ခံခဲ့ရသည်။

အဆိုပါ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးကို ဖျာပုံခရိုင်တရား သူကြီးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ကျဥ်းမိသားစုဝင်များကပြောသည်။

၎င်းတို့ ၁၄ ဦးသည် ဖျာပုံအကျဥ်းထောင်နှင့် မအူပင်အကျဥ်းထောင်တို့တွင် ဖမ်းဆီးအကျဥ်းချခံထားရသူများဖြစ်ပြီး စစ်ကောင်စီဘက်မှ လူသတ်တရားခံများဟုစွပ်စွဲကာ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖျာပုံနှင့်မအူပင်မြို့နယ်နေ နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များကပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ရန်ကုန်တိုင်း၊ မအူပင်နှင့် ဖျာပုံမြို့နယ်တို့တွင် ၎င်းတို့ ၁၄ ဦး အသီးသီးဖမ်းဆီးခံခဲ့ရသည်။ထိုစဥ်က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များနှင့် မြဝတီ၊ မြန်မာ့အသံရုပ်သံလှိုင်းများတွင် PDF တပ်ဖွဲ့ဝင်များဖမ်းဆီးရမိကြောင်း ဖော်ပြခဲ့သည်ကိုတွေ့ရသည်။

သို့သော် ဒေသတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အဆိုပါ အမျိုးသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သတ်၍ သတင်းထုတ်ပြန်ခဲ့ခြင်းမျိုး တစ်စုံတစ်ရာမတွေ့ခဲ့ရပေ။

ယင်းပြင် ၎င်းတို့ဖမ်းဆီးခံရစဥ်က ဖျာပုံနှင့် မအူပင်ခရိုင်ရှိတော်လှန်ရေးအင်အားစုများအား ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိကြောင်း မဇ္စျိမကိုဖြေကြားခဲ့သည်။

"သေချာတာကတော့ သေဒဏ်ချခံရတဲ့ ၁၄ ယောက်လုံး PDF တွေဆိုတာမဖြစ်နိုင်ပါဘူး။ အဲ့ဒီအထဲမှာ CDM တွေနဲ့ တက်ကြွလှုပ်ရှားတွေတော့ပါပါတယ်။ စစ်ကြောရေးမှာ မသေရုံတမယ်ရိုက်နှက်ပြီး PDF တွေလို့ဝန်ခံခိုင်းလို့ PDF မဟုတ်တာကို ဟုတ်တယ်လို့ ဝန်ခံခဲ့ရပုံရတယ်"ဟု ဖျာပုံခရိုင်နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။

လက်ရှိတွင် သေဒဏ်ချမှတ်ခံရသည့် အမျိုးသား ၁၄ ဦးကို စစ်ကောင်စီလက်အောက်ခံများက ပုသိမ်အကျဥ်းထောင်သို့ပို့ဆောင်လိုက်ကြောင်း၊ပုသိမ်အကျဥ်းထောင်တွင် ၎င်းတို့အားလုံး တိုက်ပိတ်ခံထားရကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူများကပြောသည်။

"ကိုဇေယျာသော်တို့ ကိုဂျင်မီတို့ လေးယောက်တုန်းကတော့ စစ်ခုံရုံးက သေဒဏ်ချတာဖြစ်တဲ့အတွက် အယူခံဝင်လို့မရဘူး။ ဒီ ခုနစ် ယောက်ကတော့ တရားရုံးလုပ်ထုံးလုပ်နည်းတွေအတိုင်း အမိန့်ချတာဖြစ်တဲ့အတွက် အယူခံဝင်ခွင့်ရတာပါ။ ခရိုင်တရားရုံးက အမိန့်ချတာဖြစ်တဲ့အတွက် တိုင်းကနေ ပြည်ထောင်စု၊ စာချွန်တော်အထိအယူခံဝင်လို့ရပါတယ်။ နည်းနည်းတော့ကြာနိုင်တာပေါ့"ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ဝေဖန်သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်သည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၁၆၃ ဦး ရှိနေပြီဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလက အင်းစိန်အကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်ကိုကျော်မင်းယု(ခ)ဦးဂျင်မီ၊ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် လှိုင်သာယာမြို့နယ်မှ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ဖူးသည်။

စာတည်း။    ။အောင်ကျော်ဖြိုး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required