YBS ကားတိုင်းတွင် ယာဉ်နောက်လိုက်များ မပါတော့ဘဲ Cash box များ တပ်ဆင်သွားမည်

YBS ကားတိုင်းတွင် ယာဉ်နောက်လိုက်များ မပါတော့ဘဲ Cash box များ တပ်ဆင်သွားမည်
Photo - Yangon Bus Service

ရန်ကုန်၊ဇူလိုင် ၁၃ ။                 ။ လာမည့် ဇူလိုင်လ ၂၀ရက်နေ့မှ စတင်ပြီး YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့်ကားများ အားလုံးတွင် ယာဉ်နောက်လိုက်များ မထားရှိတော့ဘဲ Cash Box (ပိုက်ဆံထည့်ပုံး)များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်နောက်လိုက် မပါရုံသာမက YBS များတွင် ကိုယ်ရကိုယ်ယူစနစ်ပါ ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

“ကားတွေမှာ Cash Box (ပိုက်ဆံထည့်ပုံး)တွေ တပ်ဆင်ဖို့၊ လက်ရှိ ကိုယ်ရကိုယ်ယူစနစ်ကို ဖျက်သိမ်းပြီး စုပေါင်းပြီးတော့ အညီအမျှခွဲဝေယူတဲ့စနစ်ကို ကျင့်သုံးရမယ်ဆိုတာကို လာမယ့် ၂၀ရက်နေ့မှာ စတင်ဖို့ အစည်းအဝေးမှာ ပြောပါတယ်”ဟု Power Eleven ကုမ္ပဏီမှ ကိုတရုတ်လေးက မဇ္ဈိမကို ပြောသည်။

အချို့ယာဉ်လိုင်းများနှင့် မြို့တွင်းပတ် ယာဉ်လိုင်းများတွင် ယာဉ်နောက်လိုက်မပါဘဲ  ပိုက်ဆံပုံးထဲသို့ သာ ယာဉ်စီးခထည့်ရသည့် စနစ်ကို ကျင့်သုံးနေသည်။ နောက်ပိုင်းတွင်မူ ယာဉ်နောက်လိုက်များ ပါသည့် ယာဉ်လိုင်းများတွင်လည်း ညွှန်ကြားချက်နှင့်အညီ လုပ်ဆောင်ရတော့မည် ဖြစ်ကြောင်း သိရသည်။

၂၁ ယာဉ်လိုင်းကို ပြေးဆွဲနေသည့် Power Eleven ကုမ္ပဏီက ကိုတရုတ်လေးက “ကျွန်တော်တို့ ကားတွေမှာတော့ အရင်ကတည်းက ပိုက်ဆံထည့်ဖို့ ခြင်းကလေးပါတယ်။ ယာဉ်နောက်လိုက်ကတော့ အစကတည်းက မပါတာပါ။ နောက်ပိုင်းမှာတော့ အစိုးရမူဝါဒနဲ့အညီ Cash Box တွေကို တပ်ဆင်သွားမှာပါ” ဟု ၎င်းတို့လုပ်ဆောင်မည့် ပုံစံကို ပြောသည်။

အဆိုပါ Cash Box (ပိုက်ဆံထည့်ပုံး) များတပ်ဆင်လိုက်ခြင်းဖြင့် ယခုပြေးဆွဲနေသည့် YBS ယာဉ်လိုင်းအားလုံးတွင် ယာဉ်စီးခကောက်ခံရာ၌ ခရီးသည်ကိုယ်တိုင် ပုံးထဲသို့ငွေထည့်ရသည့်စနစ် ကိုကျင့်သုံးသွားမည်ဖြစ်ပြီး ယာဉ်နောက်လိုက်များမှ ငွေကောက်တော့မည်မဟုတ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required