ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲ မကျင်းပဖြစ်

By 007 ၊ 008(မဇ္ဈိမ)
22 November 2023
ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲ မကျင်းပဖြစ်
ပုံစာ- အရပ်သားအစိုးရလက်ထက် ပြင်ဦးလွင်မီးပုံးပျံပွဲတော်ကျင်းပနေပုံ(ပုံဟောင်းဖြစ်သည်) Photo CJ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ မဟာအံ့ထူးကံသာဘုရား မီးပုံးပျံကွင်း၌ကျင်းပမည့် တန်ဆောင် တိုင်မီးပုံးပျံပွဲတော်ကို လုံခြုံရေးအခြေအနေအရ မကျင်းပဖြစ်တော့ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မီးပုံးပျံပွဲတော်နှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ဆီးမီး ၉,၀၀၀ ပူဇော်ပွဲကို နိုဝင် ဘာလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိကျင်းပရန် စစ်ကောင်စီက စီစဉ်ထားခြင်းဖြစ်သည်။

“မီးပုံးပျံပွဲက မဖြစ်တော့ဘူး။ အဓိကတော့ တပ်ကလုံခြုံရေးမပေးနိုင်တော့လို့ပဲ။ အထွေအထူး မရှိပါဘူး၊ အန္တရာယ်မဖြစ်အောင်ရယ်၊ မဖြစ်သင့်တာတွေမဖြစ်အောင် ကြိုကာတဲ့သဘောပါပဲ” ဟု မြို့မိမြို့ဖတဦး က မဇ္ဈိမကိုပြောသည်။

“ကြိုမသိဘူးဗျ။ သူတို့ဘက်က ဒီနေ့(နို၀င်ဘာ ၂၁ ရက်)သတင်းကြေညာလာမှ ပဲသိရတာ။ မလုပ်မနေရ ဆိုတုန်းကလည်း သူတို့ပဲ၊ အခု မလုပ်တော့ဘူးဆိုတော့လည်း သူတို့သဘောပဲ၊ ကြားထဲက ပြင်ဆင်ထားရ တာတွေ အလေအလွင့်ဖြစ်ကုန်တယ်” ဟု လုံခြုံရေးအရ အမည်ဖော်ပြလိုခြင်းမရှိသည့် ပြိုင်ပွဲ၀င်အသင်း တခုမှ တာ၀န်ရှိသူကပြောသည်။

မီးပုံးပျံပွဲတော်မကျင်းပဖြစ်သော်လည်း မဟာအံ့ထူးကံသာဘုရားတွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့် ဆီမီး ၉,၀၀၀ ပူဇော်ပွဲကိုမူ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထုံးစံအတိုင်း မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနဲ့ ဆီမီး ၉,၀၀၀ ပူဇော်ပွဲကတော့ ဘုရားရင်ပြင်ပေါ်မှာ ဆက် လုပ်မယ်” ဟု မဟာအံ့ထူးကံသာဘုရား ဂေါပကအဖွဲ့ဝင်တဦးကပြောသည်။

စစ်ကောင်စီသည် တိုင်းပြည် တည်ငြိမ်နေပြီးဖြစ်ကြောင်း ဝါဒဖြန့်ချိနိုင်ရန် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် သြဂုတ်လပထမပတ်မှစ၍ ပြင်ဆင်နေခြင်းဖြစ် သည်။

မီးပုံးပျံပွဲတော်စည်ကားစေရန်အတွက် စျေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများနှင့်အတူ မျိုးကျော့မြိုင်၊ ထူးအယ်လင်း၊ မိုးမိုး၊ ခင်လှိုင်၊ ပွင့်နဒီမောင်နှင့် ခြူးစစ်ဟန်စသည့် နာမည်ကြီးအနုပညာရှင်များပါဝင်သည့် ဖျော်ဖြေရေး အစီအစဉ်လည်း ထည့်သွင်းထားသည်။

“တပ်က စည်အောင်လုပ်ဖို့ စီစဉ်ထားတာ။ ဒီပွဲက သူတို့ပြယုဂ်ပဲ၊ ပြည်သူတွေပျော်ရွှင်နေတယ်ဆိုတာပြ ချင်တာ သက်သက်ပဲ။ အခုလိုဖြစ်တော့ ဂွမ်းတာပေါ့” ဟု မြို့ခံတဦးကပြောသည်။

“ဒီပွဲ(မီးပုံးပျံပွဲတော်)မှမဟုတ်ဘူး၊ ဒီကာလထဲမှာ ဘယ်လိုပွဲလမ်းသဘင်မျိုးမှ မလုပ်စေချင်ဘူး။ နေ့တိုင်း ပစ်သံခတ်သံတွေကြားနေရတယ်။ မြို့ထဲပိုင်းက သိပ်မသိသာပေမယ့် မြို့ပြင်ဘက်ကျတော့ တချက် တချက် လက်နက်ကြီးသံတွေပါကြားနေရတော့လန့်တယ်” ဟု ပြင်ဦးလွင်မြို့အထွက် မန္တလေး-လားရှိုး လမ်းဘေးရှိ ရေငယ်ကျေးရွာမှ ဒေသခံတဦးက ပြောသည်။

ယခုနှစ် ပြင်ဦးလွင်မီးပုံးပျံပွဲတော်သို့ ဝင်ရောက်ပြသယှဉ်ပြိုင်ရန်အတွက် မီးပုံးပျံအသင်းများအနေဖြင့် ပြီး ခဲ့သည့်စက်တင်ဘာလမှစတင်ကာ စီစဉ်ဆောင်ရွက်နေရပြီး ယခုကဲ့သို့ပွဲတော်နီးမှမကျင်းပဖြစ်တော့ ကြောင်း ပွဲကျင်းပရေးကော်မတီမှအကြောင်းကြားခြင်းသည် မီးပုံးပျံအသင်းများအတွက် နစ်နာမှုများရှိ ကြောင်းဆိုသည်။

“ကျွန်တော်တို့က ဒီနှစ် ဝင်ဖို့အစီအစဉ်ရှိဘူး။ ကော်မတီက မဖြစ်မနေ လုပ်ရမယ်ဆိုလို့သာ လုပ်ရတယ်။ လုပ်လို့လည်းပြီးရော မဖြစ်တော့ဘူးဆိုတော့ စဥ်းစားသာကြည့်။ အခြေအနေရကို လက်ခံတယ်။ စစ်ဖြစ်နေတာလည်း သိတယ်။ ဖြစ်နေကတည်း မလုပ်ဖြစ်ဘူးပြောလိုက်ရင် ကုန်ကျစရိတ်လည်း သက် သာမယ်၊ လူတွေလည်း မပန်းဘူးပေါ့ဗျာ” ဟု အလှပြမည့် မီးပုံးပျံအသင်းတာဝန်ခံက တဦးကပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ကစခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးပြင်းထန်လာမှုကြောင့် ပွဲကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်အစပ်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တပ်ပေါင်းစုတို့ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly