ကော့ကရိတ် အချုပ်ခန်း အဖောက်ခံရပြီး အချုပ်သားများ ထွက်ပြေး

ကော့ကရိတ် အချုပ်ခန်း အဖောက်ခံရပြီး အချုပ်သားများ ထွက်ပြေး

ရန်ကုန်၊ ဇွန် ၄ ။           ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှ အချုပ်ခန်းအဖောက်ခံရပြီး အချုပ်သား ၆ ယောက် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ကော့ကရိတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ပြောသည်။

အချုပ်ခန်းဖောက်ထွင်းသူ  ၇ ယောက်အနက် ၁ ယောက်ကို ပြန်မိထားပြီး လွတ်မြောက်သူ ၆ ဦး အား လိုက်လံရှာဖွေနေဆဲဖြစ်သည်ဟု သူက ဆိုသည်။

"အချုပ်သား ၇ ယောက်ပါ၊ ၆ ယောက်လွတ်တယ်၊ ၁ ယောက် ပြန်မိတယ်။ မနေ့က ညက ဖောက်တာ ၁၀ နာရီလောက်ပါ" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကိုခိုင်က ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသူများသည် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့် ဖမ်းဆီးခံထားရသူများ ဖြစ်ပြီး အချုပ်ဆောင်ခေါင်မိုးကို ဖောက်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ၎င်း၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးမှုဖြင့် တရားရုံးထုတ်စစ်ဆေးခဲ့သည့် အမျိုးသမီးတစ်ဦးကို ဘားအံ- ကော့ကရိတ်လမ်း ပေါ်တွင် အရပ်ဝတ်လက်နက်ကိုင်အချို့မှ ရဲတပ်ဖွဲ့ဝင်အချို့အား တိုက်ခိုက်ပြီး အဆိုပါအမျိုးသမီးကို လုယူခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required