နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားကြီး ဇွန်လ ၂ရက်တွင် စတင်ပြသမည်

နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားကြီး ဇွန်လ ၂ရက်တွင် စတင်ပြသမည်

ရန်ကုန် ၊ မေ ၂၇ ။               ။ စာရေးဆရာ လင်္ကာရည်ကျော် ၏ ဝတ္တုကို ဒါရိုက်တာ ဝိုင်းက အသက်သွင်း ပုံဖော်ရိုက်ကူးထားသည့် နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂ရက်မှ စတင်ပြီး ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသတော့မည် ဖြစ်သည်။

နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို မေလ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒါရိုက်တာ ၊ သရုပ်ဆောင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ ၊ စာနယ်ဇင်း မီဒီယာများမှ တက်ရောက်ခဲ့ကြသည်။

ထိုရုပ်ရှင်ဇာတ်ကားကြီး၏ ဝတ္ထု ၊ ဇာတ်ညွှန်း လင်္ကာရည်ကျော် ဖြစ်ပြီး ဒါရိုက်တာ ဝိုင်းက ပုံဖော် ရိုက်ကူးထားကာ သရုပ်ဆောင်များအဖြစ် အကယ်ဒမီ ပြေတီဦး ၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို ၊ ပိုင်ဖြိုးသု ၊ ရဲမွန်၊ ဇင်မျိုး၊ စူးရှ၊ ဝင်းမင်းသန်း၊ Grace၊ ချမ်း၊ စန်းစန်းဝင်း တို့အပြင် တခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားကြသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် Victoria ရုပ်ရှင် ၊ဗီဒီယိုထုတ်လုပ်ရေး၏ ပထမဦးဆုံး ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး ဒါရိုက်တာ ဝိုင်း၏ ၂၀၁၇ ခုနှစ်ထဲတွင် ပထမဆုံး ရုံတင်ပြသည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

ငယ်စဉ်ကလေးဘဝမှစပြီး အမှားနည်းအောင်နေပါက အသက်ကြီးလာသည့်အချိန်တွင် လိပ်ပြာ သန့်သန့်ဖြင့် ဘဝကို ရင်ဆိုင်နိုင်သည်ဆိုသည့် အတွေးအခေါ်ကောင်းတစ်ခုကို မျိုးဆက်သစ်များ သိရှိနားလည်ရန် ရည်ရွယ် ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဆိုသည်။  

ဒါရိုက်တာ ဝိုင်း က “ဆရာလင်္ကာရည်ကျော် ရဲ့ဝတ္ထုကို လာပြချိန်မှာ ဇာတ်လမ်းကို ကြိုက်တယ်။ အကြောင်းအရာလဲ ကြိုက်တယ် ။ အဓိက ပရိသတ်ကို ပေးချင်တဲ့ Message ကို သဘောကျတာနဲ့ လက်ခံပြီး ရိုက်ကူးဖြစ်တာပါ။ ဒီကားလေးရဲ့ Message ကို သူတို့ရင်ထဲကို ယူသွားဖို့ပဲ လိုတာပါ” ဟု ပြောသည်။

ဇာတ်ကား၏ အဓိကသရုပ်ဆောင်များ ဖြစ်ကြသည့် ဒေါက်တာ မြတ်ထွန်းအဖြစ် အကယ်ဒမီ ပြေတီဦး ၊ ဒေါ်သစ္စာအဖြစ်  အကယ်ဒမီ ထွန်းအိန္ဒြာဗို ၊ မေကြာဖြူအဖြစ် ပိုင်ဖြိုးသုတို့က သရုပ်ဆောင် ထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required