၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရန် KNU ကိုယ်စားလှယ် ၂၉ ဦး ရွေးချယ်ပြီးဖြစ်

၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရန် KNU ကိုယ်စားလှယ် ၂၉ ဦး ရွေးချယ်ပြီးဖြစ်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အစည်းအဝေးတတိယနေ့တွင် သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုချုပ် မူတူးစေးဖိုးက မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ- ဖနိဒါ

မေလ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                ။ မေလ ၂၄ ရက်နေ့ ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်မည့် KNU ကိုယ်စားလှယ် ၂၉ ဦးကို ဗဟိုကော်မတီ အစည်းအဝေးက ရွေးချယ်ခဲ့ပြီးဖြစ်သည်။

မေလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ KNU ၏ လေးဝါးစခန်းတွင် ကျင်းပခဲ့သော ဗဟိုကော်မတီ အစည်းအဝေးတွင် KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောတာပလာသော၊ နိုင်ငံရေး၊ စီးပွားရေး လူမှုရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝသယံဇာတတို့မှ တာဝန်ရှိသူ ပဒိုစောအယ်ကလူစေး၊ ပဒိုစောတာဒိုမှူး ၊ ပဒိုစောဆဲပွယ်၊   စောတာမူလာ၊ နော်ခူခူဂျူးနှင့် ခရိုင် ၇ ခုမှ ကိုယ်စားလှယ် ၇ ဦးတို့ အပါအဝင် စုစုပေါင်း ၂၅ ဦး ရွေးချယ်ခဲ့သည်။

“ရွေးချယ်ပြီးပြီး အားလုံး ၁၉ ဦး ၊ ကိုယ်စားလှယ် ၂၉ ဦး ပေါ့။ ညီလာခံ ဖွင့်ပွဲတက်ဖို့က ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်နဲ့ ဗဟိုကော်မတီဝင် နှစ်ဦးပေါ့နော်။ ကေအန်ယူ ကိုယ်စားလှယ်က ၁၉ ဦး၊  ပါဝင်သင့်ပါဝင်ထိုက်သူ လူတစ်ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦး၊ ကျန်တာက အကူတွေပေါ့နော် ရွေးချယ်ပြီးသွားပြီ”ဟု KNU ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောသည်။

ထို့ပြင် ၂၁ ရာစု ပင်လုံ ညီလာခံ ဖွင့်ပွဲ အခမ်းအနားအတွက် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန်ခံ ပဒိုစောအာတိုးနှင့် ပဒိုသမိန်ထွန်း ၄ ဦး ရွေးချယ်ခဲ့သည်ဟု KNU တွဲဘက်အတွင်းရေးမှူး ပဒိုစောလှထွန်းက ပြောသည်။

“အဓိကတော့ လုပ်ငန်းကော်မတီမှာ ပါဝင်နေတဲ့လူတွေပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ၊ UPDJC ပါတဲ့ ခေါင်းဆောင်တွေ အပါအဝင် JMC ပါဝင်တဲ့ခေါင်းဆောင်တွေ ပါဝင်တယ်။ ကျန်တာက ခရိုင်ခေါင်းဆောင်တွေ ၇ ဦးပေါ့။ ကျန်တာက အုပ်ချုပ်ရေး၊ စစ်ဘက်၊ လုံခြုံရေးဘက်က ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ သတ်မှတ်လိုက်တယ်”ဟု သူက ပြောသည်။

ထိုဗဟိုကော်မတီ အစည်းအဝေးတွင် ၁၆ ကြိမ်မြောက် ကွန်ကရက်မှ ချမှတ်ထားသော လာမည့် ၄ နှစ်သာ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သူက ပြောသည်။

ယနေ့ မေလ ၂၀ ရက်နေ့တွင် ဗဟိုကော်မတီ အစည်းအဝေး ဆက်လက် ကျင်းပနေပြီး ကရင်အဖွဲ့အစည်းများ စည်းလုံး ညီညွတ်ရေးကိစ္စများနှင့် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆောင်ရွက်ရမည့် ကိစ္စများကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ပေါင်း ၅၀ ဦး တက်ရောက် ဆွေးနွေးနေသည် ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့ထိ ကျင်းပသော ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင်လည်း KNU ကိုယ်စားလှယ် ၂၅ ဦး တက်ရောက်ခဲ့သည်။

KNU သည် သမ္မတ ဦးသိန်းစိန် လက်ထက်က ၂၀၁၅ ခုနှစ် အောက်တိုဘာလက အခြားတိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required