မင်းဘူး၊ ရှင်ပင်စက္ကိန်းတဲစေတီဘုရား ရင်ပြင်တော်အား တိုးချဲ့မှု ကျပ်သိန်း ၁၂၀၀ကျော် ကုန်ကျနိုင်ဟု ခန့်မှန်းထား

မင်းဘူး၊ ရှင်ပင်စက္ကိန်းတဲစေတီဘုရား ရင်ပြင်တော်အား တိုးချဲ့မှု ကျပ်သိန်း ၁၂၀၀ကျော် ကုန်ကျနိုင်ဟု ခန့်မှန်းထား

မင်းဘူး၊ မေ ၁၄ ။             ။ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီဘုရား ရင်ပြင်တော်အား တိုးချဲ့လျက်ရှိပြီး တိုးချဲ့ရန်အတွက် ဘုရားဘဏ္ဍာငွေ ကျပ်သိန်း(၁၂၉၁)ခန့် ကုန်ကျနိုင်သည်ဟု ဘုရားဂေါပဂအဖွဲ့မှ သိရသည်။

လက်ရှိဘုရား ရင်ပြင်တော်မှာ ပေ(၃၀)ခန့် အကျယ်ဝန်းသာရှိပြီး ကျဉ်းလွန်းသဖြင့် ဘုရားဖူးများ၊ ဈေးသည်များ၊ ဘုရားဖူးယာဉ်များ ရပ်နားရန် အခက်အခဲရှိနေသဖြင့် ရင်ပြင်တော်အား ပေ(၄၀)ခန့် ထပ်မံတိုးချဲ့မည်ဖြစ်သည်။

"ဘုရားရင်ပြင်တော်က ကျဉ်းနေတော့ ဘုရားဖူးတွေအတွက် အခက်အခဲတွေ ရှိနေပါတယ်။ ရင်ပြင်တော် မချဲ့လို့ မဖြစ်တော့ဘူး။ မြောက်ဖက် ဂျောက်ကြီးကို အလျားပေ( ၁၇၀) အနံပေ(၇၀) မြေဖို့မယ်။ အရှေ့ဖက်ကနေ ကျောက်ကြီးနံရံနဲ့ ပိတ်တားမယ်၊ အခုလုပ်ဆောင်နေပါပြီ ရင်ပြင်တော် ပေ(၄၀)ခန့် ထပ်တိုးချဲ့ဖို့အတွက် ဘုရားဘဏ္ဍာတော်ငွေထဲက ကျပ်(၁၂၉၁၃၄၅၁၈)ခန့် ခန့်မှန်း ကုန်ကျနိုင်တယ်လို့ တည်ဆောက်ရေးပညာရှင်များက တွက်ချက်ပေးထားပါတယ်" ဟု ရှင်ပင်စက္ကိန်းတဲစေတီဘုရား ဂေါပကအဖွဲ့ဥက္ကဌ ဦးမြင့်သောင်းက မဇ္ဈိမသို့ပြောသည်။

အမှတ်(၃)ရပ်ကွက်နေ ကိုအောင်ကျော်စိုးက "အခုလို ဘုရားရင်ပြင်တော် တိုးချဲ့တာ ကောင်းပါတယ် ဒီခေတ်က လမ်းပန်းဆက်သွယ်ရေး ကောင်းလာတော့ ဘုရားဖူးတွေ အများအပြား လာကြပါတယ်။ ရွှေစက်တော်ဘုရားဖူးအပြန် မင်းဘူးက နဂါးပွက်တောင်ရယ်၊ ရှင်ပင်စက္ကိန်းတဲဘုရားရယ် လာရောက်ဖူးကြပါတယ်။ ရင်ပြင်တော် တိုးချဲ့လိုက်တော့ ဘုရားဖူးတွေအတွက်   အေးအေးဆေးဆေး နားနေနေလို့ ရတာပေါ့" ဟု ပြောသည်။

ရှင်ပင်စက္ကိန်းတဲစေတီဘုရားကြီး ဘဏ္ဍာတော်ငွေမှာ လက်ရှိကျပ်သိန်း(၄၅၀၀) ရှိပြီး ရင်ပြင်တော် တိုးချဲ့ရန်အတွက် ကျပ်သိန်း(၁၂၉၁)ခန့် ထုတ်ယူသုံးစွဲနိုင်ကြောင်း နှင့် ရင်ပြင်တော်တိုးချဲ့မှုကို   အောက်တိုဘာလပိုင်းတွင် ပြီးစီးနိုင်မည်ဟု ခန်းမှန်းထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required