ဘဲဥချဉ်ပေါင် စပ်ချဉ်ဟင်း

ဘဲဥချဉ်ပေါင် စပ်ချဉ်ဟင်း

မင်္ဂလာပါ………

ဒီတစ်ပတ်အတွက်ကတော့ ဘတ်ဂျက်ဟင်းလို့ခေါ်ကြတဲ့ ဘဲဥကို အသွင်တစ်မျိုးနဲ့ ချက်ပြုတ်ထားတဲ့ ရိုးရှင်းလွယ်ကူတဲ့ ဟင်းချက်နည်းလေး တင်ပြပေးပါမယ်။ နွေရက်တွေမှာ အဆီအနှစ်တွေ၊ အသားတွေ မစားချင်တဲ့သူတွေ အတွက် စရိတ်နည်းနည်းနဲ့ ထမင်းမြိန်စေမယ့် ဘဲဥချဉ်ပေါင် စပ်ချဉ်ဟင်းပါ။

လိုအပ်တာတွေကတော့

ဘဲဥ ၅လုံး (ပြုတ်ပြီး ဓားရာလေးတွေ ပေးထားပါ)

ချဉ်ပေါင်ရွက် တစ်စည်း

ကိုင်းခရမ်းချဉ်သီး ၂လုံး

ငါးပိစိမ်းစား အနည်းငယ်

ငရုတ်မှုန့် အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ်

ကြက်သွန်ဖြူ/နီ အနည်းငယ်တို့ပါ။

အရင်ဆုံး ကြက်သွန်ဖြူ နီ ငရုတ်မှုန့်  ငရုတ်သီးစိမ်းတို့ကို မညက်တညက်လေး ထောင်းပါ။ ပြီးရင်တော့ ဘဲဥချဉ်ပေါင်ရွက် ငါးပိ ခရမ်းချဉ်သီးတို့ကို အိုးထဲထည့်ပါ ။ ငရုတ်သီးထောင်းလေးနဲ့ သမအောင်နယ်ပေးပါ။ ဆားအနည်းငယ်နဲ့ ဆနွင်းလေး ထည့်ပါ။ ဆီ လက်ဖက်စားဇွန်း ၂ဇွန်းစာလောက် ထည့်ပေးပါ။

 အရွက်အနည်းငယ် နွမ်းရုံလောက် အပူပေးပြီးရင် ဘဲဥ မမြှုပ်တမြှုပ် ရေထည့်ပါ။ ၅မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပါ။

အိုးမကပ်အောင် ဂရုစိုက်ပါ။ အပေါ့ အငန် မြည်းပါ ။ လိုတာ ထည့်ပါ။ ဟင်း အရည်ကိုတော့ မိမိစိတ်တိုင်းကျ ဆမ်းစား၊ နယ်စားဖို့အတွက် ချင့်ချိန်ပြီး ထည့်လို့ ရပါတယ်။ ဟင်းအရသာ အရည် အနေတော်ဖြစ်ပြီဆိုရင်တော့ ဘဲဥချဉ်ပေါင်စပ်ချဉ်ဟင်းရပါပြီ။

နေပူပူမှာ စရိတ်နည်းနည်းနဲ့  ထမင်းမြိန်မြိန် ရှူးရှူးရှဲရှဲ ဖြစ်စေမယ့် ဟင်းတစ်ခွက်ရပါပြီ။ ပုံမှန်စားနေကြ ဘဲဥဆီပြန် ၊ ဘဲဥမဆလာတို့ နဲ့ ကွဲထွက်နေတဲ့ အရသာနဲ့  ဘဲဥချဉ်ပေါင်စပ်ချဉ်ဟင်းပါ။ ချဉ်ပေါင်ရွက် မကြိုက်ရင် မန်ကျည်းရွက် ကင်ပွန်းချဉ်ရွက်တို့နဲ့လည်း အခုလိုချက်ပြုတ်နိုင်ပါတယ်။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly