UNFC မှ KIO နုတ်ထွက်လိုက်တာကြောင့် ကျန်အဖွဲ့တွေ နိုင်ငံရေးအရရပ်တည်ဖို့ ခက်ခဲလာနိုင်ဟုဆို

UNFC မှ KIO နုတ်ထွက်လိုက်တာကြောင့် ကျန်အဖွဲ့တွေ နိုင်ငံရေးအရရပ်တည်ဖို့ ခက်ခဲလာနိုင်ဟုဆို

ရန်ကုန်၊ မေ ၈ရက် ။          ။ အပစ်ရပ်လက်မှတ် (NCA) မထိုးရသေးသည့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နုတ်ထွက် လိုက်သည့် အတွက် ကျန်အဖွဲ့များ နိုင်ငံရေးအရ ရပ်တည်ရန် ခက်ခဲလာနိုင်ဟု တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNLO) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

“နိုင်ငံရေးအရ ရပ်တည်ဖို့ခက်သွားနိုင်တယ်။ နိုင်ငံရေး ဦးဆောင်မှုပျောက်သွားမယ်ဆိုရင် နိုင်ငံရေး ရှေ့ခရီးဘယ်လိုဆက်ရမှန်းမသိဘူးဆိုရင် နိုင်ငံရေးရပ်တည်မှု ပျောက်သွားမလား၊ ခက်သွားမလား အဲ့ဒါမျိုးတော့ အားလုံးရင်ဆိုင်ရမယ့်သဘောတော့ရှိတာပေါ့ဗျာ" ဟု ၎င်းကဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အနေဖြင့် ဧပြီ ၂၉ရက်တွင် UNFC မှ နုတ်ထွက်ရန် စာတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းနောက်တွင် “ဝ”အမျိုးသားအဖွဲ့ချုပ် (WNO)ကလည်း နုထွက်ခဲ့သည်။

“WNO အနေဖြင့် လက်ရှိနိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းများကြောင့် UNFC အဖွဲ့ဝင်အဖြစ်ဆက်လက်ပါဝင်ရန် အခက်အခဲရှိလာသဖြင့် နုတ်ထွက်ခွင့်ပြုရန်တင်ပြကြောင်း" WNO၏ နုတ်ထွက်စာတွင် ပါရှိသည်။

ထို့အပြင် အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားတိုးတတ်ရေးပါတီ (KNPP) အဖွဲ့တို့၏ ဆုံးဖြတ်ချက်များ ထွက်လာပါက UNFC အနေဖြင့် လက်ရှိထက် လှုပ်ရှားမှုကျလာနိုင်သည်ဟု ခွန်ဥက္ကာက သုံးသပ်သည်။

“ကုစားလို့မလွယ်တဲ့ အကျပ်အတည်းမျိုးပေါ်မှာ ပထမဆုံး ဦးဆောင်ဦးရွက်ဖြစ်နေတဲ့ KIO က အရင်စပြီး ဆုတ်ခွာလိုက်တဲ့အခါကျတော့ သူရဲ့နောက်မှာ ရှိနေတဲ့အဖွဲ့ငယ်တွေပေ့ါ သူ့ကိုအားကိုးပြီးလိုက်ပါနေတဲ့အဖွဲ့ငယ်တွေကလည်းပဲ သူအ့ကြောင်းနဲ့သူပေါ့ဗျာ တကယ် အဖွဲ့ဝင်အဖြစ်က နုတ်ထွက်တဲ့ကိစ္စတွေမှာတော့ အကြောင်းအရင်းခံတွေကတော့ မတူကြဘူးပေါ့။ သို့သော်လည်း သူ့အကြောင်းနဲ့သူ ထွက်လမ်းရှာကြတာပေါ့။ ထွက်ပေါက်ရှာကြတာပေါ့ အဲ့ဒီ့သဘောပါပဲ။ ကျန်တဲ့အဖွဲ့တွေမှာလည်းပဲ UNFC ညီလာခံခေါ်မလိုလို နဲ့မခေါ်ဖြစ်တော့ ပဲနဲ့ ဒါပျက်ပျယ်ပြီးတော့ အခုဆိုရင်တစ်ဖွဲ့ချင်း ဆုံးဖြတ်ချက်နဲ့ပဲ NCA လမ်းကြောင်းပေါ်မှာလိုက်မယ့် အဖွဲ့တွေပေါ်လာသလို “ဝ” ဦးဆောင်နေတဲ့လမ်းကြောင်းကလည်း လာနိုင်တာပေါ့ဗျာ"ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်သည်။

KIO နှင့် WNO နုတ်ထွက်မည်ဆိုပါက UNFC တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအ ရုံး(LDU) တို့ ကျန်ရှိမည် ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ Institute for Strategy and Policy Myanmar ၏ ဒါရိုက်တာ ဦးအောင်သူငြိမ်းက “တိုင်းရင်းသားအင်အားစုတွေက နဂိုတည်းကလည်း သဘောထား အင်အားစုတစ်ခုတည်းတော့မဟုတ်ဘူး။ ဆိုတော့ အခုချိန်မှာတော့ ပိုပြီးတော့ တပ်ပေါင်းစုကိုစုစည်းဖို့က ပိုခက်သွားတယ်လို့ ကျွန်အနေနဲ့မြင်တယ်။ တပ်ပေါင်းစုတွေကပေါ်လာကြတယ် ခဏပြန်ပျောက်သွားတယ်။ ပြိုကွဲသွားတယ်။ ဒါတွေကတော့ ကျွန်တော်ထင်တယ် ဆန်းတဲ့ဟာမဟုတ်ဘူးဗျ။ အကျိုးစီးပွားပေါ်မူတည်ပြီး ပေါင်းတာတွေ ပြန်ခွဲတာတွေဒါတွေကဖြစ်တတ်ပါတယ်" သုံးသပ်သည်။

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)  ကို ၂၀၁၁ ဖေဖော်ဝါရီ ၁၆ က ထိုင်းနိုင်ငံ ချင်းမိုင်တွင် တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖွဲ့နှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

UNFC တွင် SSPP, KIO, NMSP, KNPP, ANC, LDU, WNO, PNLO, CNF, KNU, MNDAA, TNLA တို့ ပါဝင်ခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU က အပစ်ရပ်လက်မှတ်ထိုးကာ UNFC မှ နုတ်ထွက်ခဲ့ပြီး ၂၀၁၅တွင် အပစ်ရပ်လက်မှတ်ရေးထိုးသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့ကို UNFC အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့သည်။ MNDAA (ကိုးကန့်) နှင့် TNLA (တအာင်း) တို့ကမူ နုတ်ထွက်ရန် တင်ထားဆဲဖြစ်ပြီး ယခုရက်ပိုင်းအတွင်း KIO နှင့် WNO တို့က နုတ်ထွက်ရန် စာတင်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required