အိန္ဒိယဒါရိုက်တာ ရိုက်ကူးမည့် မကြာမီမျှော် မြန်မာရုပ်ရှင်ဇာတ်ကား

အိန္ဒိယဒါရိုက်တာ ရိုက်ကူးမည့် မကြာမီမျှော် မြန်မာရုပ်ရှင်ဇာတ်ကား

ရန်ကုန် ၊ မေ ၂ ။           ။ မကြာမီမျှော် ဟု ယာယီအမည် ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို အိန္ဒိယမှ ဒါရိုက်တာ တစ်ဦးဖြစ်သည့် Mr.J.Krishina Murithy မှ မြန်မာနိုင်ငံမှ သရုပ်ဆောင်များနှင့် မေလထဲတွင် မြန်မာနိုင်ငံ၌ ရိုက်ကူး ပုံဖော်သွားမည် ဖြစ်သည်။

မကြာမီမျှော် ဟု ယာယီ အမည် ပေးထားသည့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို မေလ ၂ရက်တွင် ရန်ကုန်မြို့ ရှိ Central Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဇာတ်လမ်း ၊ ဇာတ်ညွှန်း Mr.J.Krishina Murithy ဖြစ်ပြီး ဒါရိုက်တာ အဖြစ် Mr.J.Krishina Murithy နှင့် ဖြိုးသစ္စာ တို့ဖြစ်ကာ သရုပ်ဆောင်များ အဖြစ် ဝေဠုကျော် ၊ သူထူးစံ ၊ နေနော် ၊ ဇင်ကြီး (Myanmar Idol) ၊ အေးမြတ်သူ ၊ မေဘရဏီသော် (Miss Universe myanmar 2015 ) ၊ ပါဝိ(မွေထိုင်းချန်ပီယံ) ၊ ဝင်းနောင် (ယဉ်ကျေးမှုသဘင်) ၊ လုံးမာန် နှင့် အနုပညာရှင်များစွာမှ ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

ဒါရိုက်တာ Mr.J.Krishina Murithy က " မြန်မာနိုင်ငံမှာ ရုပ်ရှင် ်ဇာတ်ကား ရိုက်ချင်နေတာ ကြာပြီ ။ အိန္ဒိယမှာက ဇာတ်ကား တစ်ကားရိုက်ရင် တစ်နှစ်လောက်ကြာတယ်။ ဒီမှာက ရက် ၂ဝ နဲ့ အပြီး ရိုက်ပေးပါဆိုတော့ အဲ့တာက ကျွန်တော့ အတွက်  စိန်ခေါ်မှု တစ်ခုပါပဲ" ဟု ပြောသည်။

ထိုရုပ်ရှင်ဇာတ်ကားကို M3 Multimedia နှင့် Super King Movies တို့မှ ပူးပေါင်း ရိုက်ကူးခြင်း ဖြစ်ပြီး ဟာသ ၊ ဒရာမာ ၊ အချစ် စသည့် ရသစုံ ပါဝင်မည် ဖြစ်ကာ ပရဟိတ ပြုလုပ်သူများကို ပုံဖော် ရိုက်ကူး မည် ဖြစ်သည်။

ဇာတ်ကားတွင် လိုအပ်သည့် ကင်မရာပိုင်း၊  ဓာတ်ပုံအပိုင်း၊ Dancer ၊ အသံပိုင်း ဆိုင်ရာ စသည့် အရာများ အတွက် အိန္ဒိယမှ ကျွမ်းကျင် ပညာရှင်များ ပါဝင်ကြမည် ဖြစ်သည်။

ထိုဇာတ်ကားကို မေလ ၅ရက်မှ စတင်ကာ မြဝတီတွင် သွားရောက် ရိုက်ကူးမည် ဖြစ်ကာ ရက် ၂ဝကျော်ကြာ သွားရောက် ရိုက်ကူး သွားမည် ဖြစ်သည်။

သရုပ်ဆောင် ဝေဠုကျော် က " ဇာတ်ကားမရိုက်ဖြစ်တာ ၂နှစ် လောက်ရှိပြီ ။ ဒီဇာတ်ကားက အိန္ဒိယက ဒါရိုက်တာတစ်ဦးလည်း ဖြစ်တယ်။ တခြား အိန္ဒိယက ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်မဲ့အတွက် မသိနားမလည်သေးတဲ့ အရာတွေ သင်ယူဖို့အတွက် လက်ခံရိုက်ကူးဖြစ်တာပါ" ဟု ပြောသည်။

ထို ရုပ်ရှင်ဇာတ်ကားတွင် တေးသီချင်းအသစ် တစ်ပုဒ် ပါဝင်မည် ဖြစ်ကာ ထိုတေးသီချင်းကို  မင်းသား ၊ မင်းသမီး များမှ Group အကအဖွဲ့များနှင့် တွဲဖက်ပြီး ကပြကြမည့် ပုံစံလည်း ထည့်သွင်း ထားသည်။

အိန္ဒိယ ဒါရိုက်တာ Mr.J.Krishina Murithy သည် ဒါရိုက်တာ သက်တမ်း ၁၈နှစ် ရှိပြီ ဖြစ်ပြီး အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး ဇာတ်ညွှန်းဆု ၊ အကောင်းဆုံး ဝေဖန်ဆု ၊ အကောင်းဆုံး   ကြော်ငြာလုပ်ငန်းရှင်ဆုကို ရရှိထားသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required