မြောက်ပိုင်းမဟာမိတ်ဘက်မှ စခန်းအချို့လက်လွှတ်ခဲ့ရဟုဆို

မြောက်ပိုင်းမဟာမိတ်ဘက်မှ စခန်းအချို့လက်လွှတ်ခဲ့ရဟုဆို
ဓာတ်ပုံ-AFP

ရန်ကုန်၊ မတ်လ ရ ။             ။ တပ်မတော်ဘက်မှ မြောက်ပိုင်းမဟာမိတ်တို့ ဖြစ်ပွားနေသည့် လောက်ကိုင်မြို့တိုက်ပွဲတွင် မြောက်ပိုင်းမဟာမိတ်ဘက်မှ စခန်းအချို့လက်လွှတ်ခဲ့ရကြောင်း တအောင်း/ ပလောင် (TNLA) အဖွဲ့ပြောရေးဆိုခွင့်ရှိသူ မိုင်းဘုန်းကျော်က မတ်လ ရ ရက်တွင် ပြောဆိုသည်။

“ ကျွန်တော်တို့ဝင်တည်းကလည်း လောက်ကိုင်မြို့ကို အပြီးအပိုင်သိမ်းပြီဆိုတဲ့ဆန္ဒလည်း မရှိပါဘူး။ ကျွန်တော်တို့ပစ်မှတ်တွေ တချို့နေရာ ကျွန်တော်တို့ ပြန်ဆုတ်သွားပြီးဖြစ်ပါတယ်။ အတတ်နိုင်ဆုံးတော့ တိုက်ပွဲတွေ မဖြစ်ချင်ဘူး။ ဒါပေမယ့် အခုလောက်ကိုင်မှာ ဖြစ်နေတဲ့ တစ်ပြိုင်နက်ထဲမှာပဲ တပ်မဟာ ၂၁၁ မှာပေါ့။ လောက်ကိုင်ရဲ့အပေါ်ဘက် ၁၀ မိုင် ၁၅ မိုင်၊ မိုင် ၂၀ လောက်အကွာမှာ လောက်ကိုင်နဲ့မော်ထိုက်ကြား မှာဆိုရင် ၂ခု၊ ၄ခု လက်လွှတ်လိုက်ရပါတယ် “ ဟု ၄င်းက ပြောဆိုသည်။

လက်ရှိတွင် တပ်မတော်ဘက်မှ လောက်ကိုင်မြို့အတွင်း တင့်ကားများဖြင့် ကင်းလှည့်နေပြီး တိုက်ပွဲအချို့မှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

တိုက်ပွဲကြောင့် လောက်ကိုင်မြို့နှင့်အနီးပတ်ဝန်းကျင်ရှိဒေသခံ လူထောင်ပေါင်းများစွာလည်း တရုတ်နိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

မတ်လ ၆ ရက် နံနက် ၂နာရီမှစတင်ပြီး ၁၄ နာရီ  ကျော်ကြာသည်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့တွင် တိုက်ပွဲ ပိုပြင်းထန်လာပြီး တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပွားလာနိုင်သေးကြောင်း မြောက်ပိုင်းမဟာ မိတ်အဖွဲ့မှ ယနေ့  မတ်လ ရ ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

 “ တပ်မတွေ အများကြီးတက်လာတယ်။တိုက်ပွဲရဲ့အခြေနေ တော်တော်ပြင်းနေပါတယ် ။ တိုက်ပွဲတွေကလည်း ပြင်းလာဦးမှာပဲ ” ဟု မိုင်းဘုန်းကျော်က ပြောဆိုသည်။

မန္တလေး၊ လားရှိုး၊ ကွတ်ခိုင်ဘက်မှ တပ်မတော်ဘက်သို့ စစ်ကူထပ်မံတက်လာကြောင်း မြောက်ပိုင်းမဟာမိတ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်နှင့် တပ်မတော်တို့ ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး /ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားရာဒေသရှိ ပွိုင့် ၂၁၄၅ တောင်ကုန်းအား မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့် ၊ ခန့်မှန်းမြေပုံညွှန်း (MG- ရ၁၇၅၅၅)နေရာအား မွန်းလွဲ ၂ နာရီခွဲခန့်၊ ခန့်မှန်းမြေပုံညွှန်း (MG- ရ၁၇၅၅၃) နေရာအား ညနေ ၄ နာရီခန့်တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required