မောင်တောခရိုင်တွင်ပြုလုပ်မည့် ဆင်ဘေးမဲ့တော မြေပြင်အခြနေများပြီးစီး ပြည်ထောင်စုအစိုးရမှ ခွင့်ပြုရန်သာလို

မောင်တောခရိုင်တွင်ပြုလုပ်မည့် ဆင်ဘေးမဲ့တော မြေပြင်အခြနေများပြီးစီး ပြည်ထောင်စုအစိုးရမှ ခွင့်ပြုရန်သာလို
ရခိုင်ရိုးမအတွင်းရှိ ဘေးမဲ့တောတစ်နေရာအား ၂၀၁၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓါတ်ပုံ - မင်းမျိုးနွယ်

စစ်တွေ၊ မတ်လ ၅ ရက် ။             ။ ရခိုင်ဒေသတွင်း တောဆင်ရိုင်းများ ဘေးကင်းလုံခြုံစွာ ကျက်စားသွားလာနိုင်ရေးအတွက် ဆင်ဘေးမဲ့တောတစ်ခု အဖြစ် သတ်မှတ်ထားရှိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းမှစတင်ကာ ဘူးသီးတောင်၊ မောင်တောနယ်မြေအတွင်းရှိ မေယုတောင်တန်းကြီးအား ပြင်ဆင်လျှက်ရှိရာ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။  

ဆင်များအတွက် လွတ်လပ်သည့် ဘေးမဲ့တောနေရာတစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး ယခုအခါ မှာ မြေပြင်အခြေနေ၌ ကိုင်းယာများ တခြားစိုက်ပျိုးမြေများအားလည်း ရှင်းလင်းထားပြီးဖြစ်ကာ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ကို ထပ်မံစောင့်ဆိုင်းနေကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့် သစ်တောဝန်ကြီး ဦးကျော်လွင်က ဆိုသည်။

“ကျွန်တော်တို့ဘက်က လိုအပ်တဲ့ အတိုင်းအတာတွေကို တွက်ချက်ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုက ခွင့်ပြုတာနဲ့ ဘေးမဲ့တောဧရိယာ သတ်မှတ်ဖို့အတွက် ယာတွေ၊ ကိုင်းတွေနဲ့ မြေယာအချို့ကို ဥပဒေအရ ဖြေရှင်းပေးသွားမှာပါ။” ဟု ဝန်ကြီးဦးကျော်လွင်ကပြောသည်။
 
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း သွားလာလှုပ်ရှားနေကြသည့် တောဆင်ရိုင်းများအား ဖမ်းဆီးသတ်ဖြတ်မှုများ ရှိသကဲ့သို့ တချို့ဆင်ရိုင်းများမှာ ကျက်စားရန်နေရာမရှိခြင်း၊ လူနေပါတ်ဝန်းကျင်များသို့ ဝင်ရောက်အစာရှာစားနေကြ ရခြင်းတို့ကြောင့် တောပြောင်းကျက်စားလာခြင်း၊ ဒေသခံများမှာလည်း ဆင်များ၏အန္တရာယ်နှင့် ရင်ဆိုင်လာနေကြရသည့် အခြေအနေသို့ ရောက်ရှိနေကြေင်းလည်းသိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဆင်ကောင်ရေ အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး သစ်တောဦးစီးဌာန၏ မှတ်ပုံတင်ထားသည် စာရင်းများအရ မြန်မာနိုင်ငံတွင် ဌာနပိုင်ဆင်များအပါအဝင် အိမ်မွေးဆင်စုစုပေါင်း ၄၄၅၆ ကောင် ရှိကြောင်းလည်း သိရသည်။

“ဘေးမဲ့ဧရိယာအဖြစ် သတ်မှတ်တဲ့အထဲမှာ ပါဝင်နေတဲ့ မြေယာတွေကိစ္စက လုပ်ငန်းဆောင်ရွက်မှု ဒုတိယအပိုင်း ထဲမှာ စဉ်းစားရမှာဖြစ်ပါတယ်။ ဆင်ဘေးမဲ့တောအဖြစ် သတ်မှတ်ဖို့ လိုအပ်တဲ့ဧရိယာက ၁၀၂၈၅၀၀ အထိတွက်ချက် ထားပါတယ်။

ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဒေသတွင်းသဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းမှုအပိုင်းမှာ  ဆင်ဘေးမဲ့တော အပါအဝင် ရသေ့တောင်မြို့နယ်မှာလည်းပဲ ငှက်ဘေးမဲ့ကျွန်းတစ်ခုပြုလုပ်ထားရှိဖို့အတွက် ဆောင်ရွက်နေပါတယ်။” ဟု ဦးကျော်လွင်ကဆိုသည်။

တိရိစ္ဆာန်ဘေးမဲ့တောအဖြစ် ရခိုင်ရိုးမတွင်တစ်ခုတည်ရှိပြီး ဧရိယာအားဖြင့် ၄၄၃၈၃၄ ဧက ကျယ်ဝန်းကာ အဆိုပါ ဘေးမဲ့ဧရိယာတွင် နို့တိုက်သတ္တဝါ မျိုးစိပ် (၄၀)၊ ကုန်းရေနေ တွားသွားသတ္တဝါ မျိုးစိပ် (၆၀)၊ လိပ်ပြာမျိုးစိပ် (၂၀)၊ ရေချိုငါး မျိုးစိပ် (၄၀)၊ အင်းဆက် မျိုးစိပ် (၁၂) မျိုးတို့ ကျက်စား နေထိုင်လေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

မေယုတောင်တန်းအား ဆင်ဘေးမဲ့တောအဖြစ် ပြုလုပ်ပြီးစီးပါက ရခိုင်ပြည်နယ်အတွင်း ဘေးတောအရေအတွက် ၂ ခုဖြစ်လာမည်ဖြစ်ကာ မေယုဘေးမဲ့တောမှာ အကြီးဆုံးဘေးမဲ့တော ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ယင်းသို့ ပျက်စီးပျေက် ဆုံး လျှက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများအားလည်း ထိန်းသိမ်းမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required