နာဂတွင် ချောင်းဆိုးရောဂါကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်နေ

နာဂတွင် ချောင်းဆိုးရောဂါကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်နေ
လဟယ်မြို့နယ်အတွင်း ကျေးလက်ဒေသတွင် နေထိုင်သည့် နာဂလူမျိုးများအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ မတ်လ ၄ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြီးခဲ့သည့် နှစ်လအတွင်း အပြင်းအထန် ချောင်းဆိုးရောဂါကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်နေကြောင်း လဟယ်မြို့နယ်ဆေးရုံ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဟိန်းထွဋ်ဆွေက မတ်လ ၅ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ချောင်းဆိုးရောဂါကြောင့် ဇန်နဝါရီလ လဆန်းပိုင်းမှ စတင်ကာ လူသေဆုံးမှုများဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိ စုစုပေါင်း သေဆုံးသူဦးရေမှာ ၁၄ ဦးထိရှိကြောင်း၊  သေဆုံးသူများမှာ သက်ကြီးပိုင်းများဖြစ်ပြီး ကလေးငယ် ၃ ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုများမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောနောကုန်းကျေးရွာတွင် ၁ဝ ဦးနှင့် လောနောအင်းကျေးရွာတွင် ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်နယ်ဆရာဝန်၊ တပ်မတော်မှ ဆရာဝန်များ အပါအဝင် ကျန်းမာရေးဌာနမှ ဆရာဝန်များဖြင့် မတ်လ ၃ ရက်နေ့မှစတင်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေကြောင်း ဒေါက်တာ ဟိန်းထွဋ်ဆွေက ပြောသည်။

“ဒီလိုသေဆုံးမှုတွေကို မေလ ၂ ရက်နေ့ကမှ သတင်းရတာ။ မနေ့ကတော့ ကျွန်တော်တို့ ကျန်းမာရေးအဖွဲ့ စလွှတ်လိုက်တယ်။ ဒီနေ့လည်း နောက်ထပ် ကျွန်တော်အောက်က တိုက်နယ် ဆရာဝန်တစ်ယောက်ရယ်၊ ကျွန်တော်တို့ဆီမှာ လာကူနေတဲ့ စစ်တပ်က ဆရာဝန် ၂ ယောက်ရယ်၊ ဓာတ်ခွဲမှူး ရယ် သွားနေပါတယ်။ နောက်ထပ်သေဆုံးတာတွေတော့ မရှိတော့ပါဘူး။ အခြေအနေကတော့ ကောင်းနေပါပြီ”ဟု ဒေါက်တာ ဟိန်းထွဋ်ဆွေက ပြောသည်။

အဆိုပါ သေဆုံးမှုဖြစ်ပွားသည့် ချောင်းဆိုးရောဂါအခြေအနေနှင့် ပတ်သက်၍လည်း လဟယ်မြို့နယ်ဆေးရုံ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဟိန်းထွဋ်ဆွေက ရှင်းပြသည်။

“ကူးစက်ရောဂါတော့ မဟုတ်ပါဘူး။ သူတို့ပြောတဲ့ ရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက်တယ်။ ချောင်းဆိုးတယ်။ ဗိုက်အောင့်တယ်။

ခါးနာတယ်ပေါ့။ အေးတဲ့တောင်ပေါ်ဒေသတွေက နေရောင်မရှိဘူးဆိုတော့ နာစေး၊ ခေါင်းဆိုးတွေက မြေပြန့်ထက်စာရင် ပေါတာပေါ့။ ရာသီဥတုက အမြဲတမ်းအေးနေတော့ သူတို့က မီးပုံးဘေးမှာ နေတာများတယ်။ ဒါကြောင့် အဆုတ်အအေးမိတာတွေ၊  အသက်ရှုလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တာ များတာပေါ့နော်။ တီဘီရောဂါလည်း ဖြစ်နိုင်တယ်။ သူတို့ပြောတဲ့ အခုလက်ရှိ သေဆုံးသူဦးရေ ကလည်း နှစ်လ အတွင်း တဖြည်းဖြည်း သေဆုံးတဲ့ ဦးရေပါ။ သေဆုံးတဲ့ အထဲမှာလည်း အသက်ကြီးပိုင်းတွေ များပါတယ်။ တချို့က လူကြီးရောဂါတွေနဲ့ ဆုံးတာ။ အဲ့ဒါတွေပါ ဒီ ၁၄ ယောက် ထဲမှာ ထည့်တွက် ထားတာပါ”ဟု ၎င်းက ပြောသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နန်းယွန်းမြို့ နှင့် လဟယ် မြို့များတွင်လည်း ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ ဇွန် ၁၄ ရက်နေ့မှစပြီး အသက်ရှုလမ်းကြောင်းတွင် ပိုးဝင်သည့် ကူးစက်ရောဂါများဖြစ်ပွားခဲ့ခြင်းကြောင့် ကလေး ငယ်များအပါအဝင် သေဆုံးသူဦးရေ  ၄ဝ နီးပါးရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required