ဦးအောင်သောင်း စင်္ကာပူတွင် ကွယ်လွန်၊ ရန်ကုန်သို့ ယနေ့ပြန်သယ်ရန် စီစဉ်နေ

ဦးအောင်သောင်း စင်္ကာပူတွင် ကွယ်လွန်၊ ရန်ကုန်သို့ ယနေ့ပြန်သယ်ရန် စီစဉ်နေ

နေပြည်တော်၊ (မဇ္ဈိမသတင်းဌာန) ဦးနောက်သွေးကြောပေါက်ပြီး စင်္ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသည် ယနေ့ မနက်ပိုင်းက စင်္ကာပူနိုင်ငံ၊ ဆေးရုံတွင် ကွယ်လွန်သွားသည်ဟု ပါတီ၏ အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောသည်။
 
“ဒီနေ့ပြန်သယ်မှာပါ။ ရန်ကုန်က သူ့နေအိမ်မှာပဲ ထားမယ်။ သြင်္ဂိုလ်မယ့်ရက်တော့ မသိသေးဘူး။ ရန်ကုန်ကို ဒီနေ့ပြန်သယ်ဖို့ စီစဉ်နေတယ်။ Body ပြန်သယ်ဖို့ပေါ့။ ခုမနက်မှ ကျွန်တော်တို့လည်း သိလိုက်တာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံဖြစ်သော တောင်သာမြို့နယ်၏ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်သူ ဦးအောင်သောင်းမှာ ရာဇသင်္ဂဟအိမ်ရာရှိ ၎င်း၏နေအိမ်တွင် ဇူလိုင်လ ၈ ရက်ည ၁၁ နာရီခန့်က သတိလစ်မူးလဲသွားသဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ အရေးပေါ်ဆေးကုသမှုခံယူပြီး နောက် စင်ကာပူနိုင်ငံသို့ ဇူလိုင် ၉ရက်တွင် သွားရောက်ကုသပြီးနောက် ကွယ်လွယ်သွားခြင်းဖြစ်သည်။
 
ဦးအောင်သောင်း၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ပါတီ၏ ဒုတိယဥက္ကဌဖြစ်သည့် ဦးဌေးဦးကို ဇူလိုင် ၂၂ရက်တွင် မဇ္ဈိမက မေးမြန်းခဲ့ရာတွင် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဟုပင် ဦးဌေးဦးက ပြောဆိုခဲ့သေးသည်။
 
စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်သောင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး သဘောထားတင်းမာသူအဖြစ် သတ်မှတ်ခံထားရသူတစ်ဦးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required