Hate Speech ဥပဒေကြမ်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပြီ

Hate Speech ဥပဒေကြမ်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပြီ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်)။ ။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန်နှင့် စိတ်ဝမ်းကွဲပြားမှုဖြစ်ပွားစေရန် အမုန်းစကားတစ်ရပ်ရပ်အား ပြောဆိုခြင်း၊ ထပ်ဆင့်ပြောဆိုခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းနှင့် လူထုဆက်သွယ်ရေးနည်းလမ်းမှတဆင့် ပြုလုပ်ဆောင်ရွက်မှုများအား အရေးယူမည့် ဥပဒေကြမ်းတစ်ခုအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးထံ တင်ပြထားသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မဇ္ဈိမကို ပြောသည်။

“နိုင်ငံတစ်ကာရဲ့ သဘောထားအမြင်ပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းဖော်ပြနိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် သံရုံးများမှတစ်ဆင့် နိုင်ငံတကာရဲ့ သဘောထားအမြင်များကိုလည်း ရယူနေကြောင်း သိရပါတယ်” ဟု သူရဦးအောင်ကိုက ဒီဇင်ဘာ ၁၂ရက်တွင် ပြောသည်။

"အမုန်းစကားများ ကာကွယ်တားဆီးရေးဥပဒေ" ဟူ၍ အမည်ပေးထားသည့် ယင်းဥပဒေမူကြမ်းကို ဥပဒေပညာရှင်များ၊ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ တို့က ရေးဆွဲထားခြင်းဖြစ်သည်။

လက်ရှိတွင် ဥပဒေမူကြမ်းအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ဥပဒေအဖြစ်ပြဌာန်းပေးရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၆ခုနှစ်၊ နှစ်လယ်ပိုင်းတွင် လွှတ်တော်သို့ တင်ပြရန်ရှိကြောင်း သူရဦးအောင်ကိုက ပြောသည်။

ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး နိုင်ငံတကာကလည်း စိတ်ဝင်စားမှုရှိကြောင်း သူရဦးအောင်ကိုက ဆိုသည်။

“ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂအပါအဝင် အနောက်တိုင်း သံအမတ်ကြီးတွေနဲ့ တွေ့ဆုံတဲ့အခါမှာ သူတို့ကလည်း စိတ်ဝင်စားပါတယ်။ ဒီလိုဥပဒေကြမ်းမျိုးကတော့ ကမ္ဘာပေါ်မှာ ရေးဆွဲပြဌာန်းခဲ့တဲ့နိုင်ငံ အနည်းငယ်ပဲ ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ (၁၀)နိုင်ငံတောင် မရှိပါဘူးတဲ့။ သို့သော် မြန်မာနိုင်ငံကရေးဆွဲနေတဲ့ဥပဒေကြမ်းကတော့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားပါတယယ်တဲ့။ သူတို့လည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးမယ်ဆိုပြီးတော့မှ ပြောထားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေကြမ်းသည် အစိုးရအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးမှာတင်ထားတဲ့အဆင့် ရောက်ရှိနေပါပြီ” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ယင်းဥပဒေကြမ်းသည် လွှတ်တော်သို့ တင်သွင်းသည့်အနေအထား မရောက်သေးသည့်အတွက် ဥပဒေကြမ်းပါ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်ပြီး ဖြေကြားရန် သူရဦးအောင်ကိုက ငြင်းဆန်သည်။

ဘာသာပေါင်းစုံချစ်ကြည်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမုန်းစကားများ ကာကွယ်တားဆီးရေးဥပဒေတစ်ရပ် ပြဌာန်းသင့်သည်ဟု ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့နှင့် ရန်ကုန်တွင်တွေ့ဆုံစဉ် မေလအတွင်း သူရဦးအောင်ကိုက အကြံပြုခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့က ရေးဆွဲတင်ပြလာသည့် ယင်းဥပဒေကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံပြုချက်များတောင်းခံခဲ့ပြီး ဝန်ကြီးဌာနက (၃)ကြိမ်တိုင်တိုင် ပြင်ဆင်ရေးဆွဲပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားခြင်းလည်း ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required