ရွှေနံသာစံပြကျေးရွာတွင် ကျေးရွာစု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အသစ်ပြုလုပ်ဖို့ ဆန္ဒပြတောင်းဆို

ရွှေနံသာစံပြကျေးရွာတွင် ကျေးရွာစု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ အသစ်ပြုလုပ်ဖို့ ဆန္ဒပြတောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာလ ၂ ။              ။ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာစံပြကျေးရွာတွင် ကျေးရွာစုအုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲအား ပြန်လည်ပြုလုပ်ပေးရန် ရပ်ကွက်နေပြည်သူ ၃ဝဝ ကျော်က စီတန်းလှည့်လှည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ရွှေနံသာရွာမှ ကျေးရွာစုအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးနိုင်မှာ တာဝန်မှ ရပ်ဆိုင်းခံရခြင်းကြောင့် ပတ္တမြားကျေးရွာမှ ဦးအောင်မင်းထွေး ရွေးချယ်ခံခဲ့ရပြီး ယင်းအပေါ် ပွင့်လင်းမြင်သာမှုမရှိဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးကျော်ဇင်ထွန်းက ပြောဆိုလိုက်သည်။

" ကျွန်တော်တို့ ရွှေနံသာစံပြကပေါ့နော်။ ဆယ်စုမှူးတစ်ယောက်ကို ရွေးချယ်တဲ့နေရာမှာ ကန့်ကွက်မှုတွေ ဖြစ်လာပါတယ်။ ကျန်တဲ့ ကျေးရွာက ဆယ်စုမှူးတွေ ရွေးချယ်တော့ ကန့်ကွက်မှုတွေ မရှိဘူးပေါ့။ သူတို့တွေ ပြောတဲ့ ပုဒ်မတွေ စည်းမျဉ်းစည်းကမ်းတွေက ကျွန်တော်တို့ ရွှေနံသာစံပြ ဆယ်စုမှူးအပေါ်ကိုပဲ ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ရွေးချယ်ပွဲတစ်ခုပြန်လုပ်ပေးဖို့ လိုအပ်ပါတယ် "ဟု အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးနိုင်အား ထောက်ခံသူ ဦးကျော်ဇင်ထွန်းက ဆိုသည်။

ဦးအေးနိုင်အား မြေယာကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာ ရပ်မိ ရပ်ဖ ၆ ဦးနှင့် ဒေါ်မိုးမိုးခိုင်တို့မှ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဇူလိုင်လ ၅ ရက်နေ့တွင် တိုင်ကြားခဲ့သဖြင့် ကျေးရွာစုအုပ်ချုပ်ရေးမှူးတာဝန်မှ စက်တင်ဘာလ ၂၂ ရက် နေ့တွင် ရပ်ဆိုင်းခံခဲ့ရခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့က အ.ထ.က (၄) မင်္ဂလာဒုံခန်းမမှာ ပြုလုပ်ခဲ့ပြီး ယခုလက်ရှိတွင် ပတ္တမြားကျေးရွာမှ ဦးအောင်မင်းထွေးမှာ ယာယီ အုပ်စုအုပ်ချုပ်ရေးမှူး တာဝန်ယူထားကြောင်းသိရသည်။

 ထို့ပြင် တာဝန်မှ ရပ်ဆိုင်းခံရသည့် ဦးအေးနိုင်က ကျေးရွာစုအုပ်ချုပ်ရေးမှူးတာဝန်အား ရွေးချယ်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ရေးကော်မတီအဖွဲ့မှ ကော်မတီဝင်တစ်ဦးက ယှဉ်ပြိုင်၍ မရဟု ကန့်ကွက်ခဲ့သည်။

အဆိုပါ ကန့်ကွက်မှုအပေါ် ်ရွှေနံသာရွာမ၊ လေးထောင့်ကန်၊ ပုလဲနှင့် ပေါင်းကူ ဉာဏမှ ဆယ်အိမ်စုမှူးများက စုပေါင်းပြီး  တရားမျှတသည့် ရွေးချယ်ပွဲမဟုတ်ဟု ပြန်လည်ကန့်ကွက်ခဲ့ကြသည်။

ကျေးရွာစုအုပ်ချုပ်ရေးမှူးကို ရွှေနံသာစံပြ၊ ရွှေနံသာရွာမ၊ လေးထောင့်ကန်၊ ပုလဲ၊ ပေါင်းကူ ဉာဏနှင့် ပတ္တမြားကျေးရွာအုပ်စု (၆) ရွာမှ ဆယ်အိမ်စုမှူး ၆ ဦးထဲမှ တစ်ဦးအား ကျေးရွာစုအုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည်ရွေးချယ်ကြခြင်းဖြစ်သည်။

ရွှေနံသာရွာမ ဆယ်အိမ်စုမှူး ဒေါ်သန်းသန်းဦးက " ကျေးရွာ ၆ ရွာကို အုပ်ချုပ်မယ့် လူကြီးသည် တရားမျှတပြီးတော့ပေါ့နော်။ အများဆန္ဒနဲ့ သဘောတူ ပြီးတော့ ညီညီမျှမျှမဲစနစ်နဲ့ နိုင်သွားလို့ရှိရင် လူကြီးလုပ်ပါ။ ဒါမျိုးဆိုရင် အားလုံးက သဘောတူပါတယ်လို့ "ဟု ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အထွေထွေမြို့နယ်အုပ်ချုပ်ရေးမှူးကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း မအားလပ် ဟု အဖြေသာ ရရှိခဲ့သည်။

ဆက်စပ်သတင်းများ-အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းပေးရန် တိုင်ကြားခြင်းမှာ ဥပဒေကြောင်းအရသာဖြစ်ကြောင်း တိုင်ကြား သူများက ပြန်လည်ဖြေရှင်း

ရပ်ကွက်နေပြည်သူ ရဝဝကျော် တောင်းဆို၍ ရွှေနံ့သာ စံပြကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်ဆိုင်းခြင်းကို ပြန်လည်စစ်ဆေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required