အောင်မင်္ဂလာကားဝင်းရှိ ဂိတ်အမှတ်(၂) အနီးတွင် အဝေးထိန်းမိုင်းဖောက်ခွဲခံရ၊ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိဟုဆို 

By ဂန္ဒမာ (မဇ္ဈိမ)
01 April 2023
အောင်မင်္ဂလာကားဝင်းရှိ ဂိတ်အမှတ်(၂) အနီးတွင် အဝေးထိန်းမိုင်းဖောက်ခွဲခံရ၊ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိဟုဆို 

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီး၊ အောင်မင်္ဂလာကားဝင်းရှိ ဂိတ်အမှတ် (၂) အနီးတွင် ယနေ့ ဧပြီ ၁ ရက် နံနက်ပိုင်းက အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲခံရရာမှ ရဲနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အဖွဲ့ထံမှသိရသည်။ 

“ဖြစ်စဉ်ကတော့ အောင်မင်္ဂလာအဝေးပြေးဝင်းအနီးမှာရှိတဲ့ ဂိတ်ပါဗျ၊ စစ်တပ်ဂိတ်ကို ကျွန်တော်တို့ ခွဲလိုက်တာပါဗျ။ ပုံမှန်ဆိုရင် သူတို့ ကားတွေကိုစောင့်ဖမ်းတယ်။ များသောအားဖြင့် ဘယ်ညာ လူခွဲပြီး ရဲရော၊ စစ်သားရော၊ တစ်ခါတစ်လေ မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)ပါ ပါတယ်ဗျ။ သူတို့လျှောက်စစ်ပြီး ပိုက်ဆံတောင်းတယ်။ ဒီနေ့တိုက်ခိုက်မှုကြောင့် ထိခိုက်မှုရှိပါတယ်ဗျ။ ရဲနှစ်ဦး ဒဏ်ရာရတယ်လို့ ပြောပါတယ်။ တစ်ဦးကတော့ စည်ပင်ရဲလို့ ပြန်ကြားရပါတယ်ဗျ။” ဟု တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် God’s Hand Forces အဖွဲ့မှ တာဝန်ခံ ဆရာကျောင်းက မဇ္ဈိမကို ဖြေကြားသည်။ 

တိုက်ခိုက်မှုပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ Yangon UG Association (YUA) ၏ အသက်လျော်ကြေးစစ်ဆင်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ လူစည်ကားသည့်နေရာတွင် တိုက်ခိုက်မှုပြုလုပ်ရသည်ဖြစ်သောကြောင့် အခက်အခဲများရှိကြောင်းလည်း ပြောသည်။ အခင်းဖြစ်ပြီးနောက် တိုက်ခိုက်မှုဖြစ်ပွားရာနေရာအနီး အမှတ် (၃) လမ်းမကြီးအား လမ်းနှစ်ဖက်လုံးပိတ်ထားကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ပြောသည်။ 

God’s Hand Forces အပါအဝင် Yangon UG Association(YUA) သည် မြို့ပြ၌ အသက်လျော်ကြေးစစ်ဆင်ရေးများ ထပ်မံဆောင်ရွက်ဖို့ရှိနေကြောင်း သိရသည်။ 

ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုယ်ချင်းစာတရားအပြည့်ဖြင့် စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ခြင်းဖြင့် မြို့ပြပြောက်ကျားများကို ကူညီအားဖြည့်ပေးဖို့ God’s Hand Forces အဖွဲ့မှ တောင်းဆိုခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required