ရီးယဲလ်သို့ ပြန်ပြောင်းမည်လားဆိုသည့် မေးခွန်းကို အိုဇေးလ် ငြင်းဆန်ခြင်း မပြု

ရီးယဲလ်သို့ ပြန်ပြောင်းမည်လားဆိုသည့် မေးခွန်းကို အိုဇေးလ် ငြင်းဆန်ခြင်း မပြု

ဒီဇင်ဘာ ၂၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်း၏အဓိက ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်က အသင်းဟောင်းရီးယဲလ်သို့ ပြန်လည်ပြောင်းရွှေ့နိုင်လားဆိုသည့်   မေးခွန်းကို ငြင်းဆန်ခြင်း မပြုခဲ့ဘဲ ဘောလုံးလောကတွင် ဘာမဆိုဖြစ်ပျက်နိုင်ကြောင်း ပြောခဲ့သည်။

အိုဇေးလ်သည် ၂၀၁၃ ခုနှစ်က ရီးယဲလ်မှ အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြပြီး ပိုမိုကောင်းမွန်သည့်ကစားသမားတစ်ဦးဖြစ်လာခဲ့သူ ဖြစ်သည်။ အိုဇေးလ်၏လက်ရှိအာဆင်နယ်နှင့်စာချုပ်မှာ ၂၀၁၈ ခုနှစ် ဇွန်လအထိဖြစ်ပြီး ၎င်းကို စာချုပ်သက်တမ်းတိုးရန် လန်ဒန်ကလပ်အသင်းက ကြိုးပမ်းလျက်ရှိသည်။ ထိုအခြေအနေတွင် အိုဇေးလ်အသင်းပြောင်းနိုင်သည်ဟု မှန်းဆမှုများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

အိုဇေးလ်က ‘အာဆင်နယ်လို အသင်းကြီးမှာ ကစားနေရတာကို ပျော်ပါတယ်။ အာဆင်နယ်ပရိသတ်တွေက အံ့သြစရာကောင်းပြီး ကျွန်တော့်ကိုလည်း ချစ်ခင်ကြပါတယ်။ လန်ဒန်မှာနေရတဲ့ဘဝကိုလည်း နှစ်သက်ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကမှာ ဘာမဆိုဖြစ်ပျက်နိုင်ပြီး ဘယ်သူမှ အနာဂတ်ကို ကြိုမသိနိုင်ပါဘူး။

ရီးယဲလ်အသင်းက တကယ့်ထိပ်တန်းအသင်းကြီးပါ။ အဲ့ဒီမှာ စိတ်ကျေနပ်စရာကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ရီးယဲလ်ပရိသတ်တွေကလည်း သစ္စာကြီးမားသူတွေဖြစ်ပြီး အခုအချိန်အထိကျွန်တော့်ကို အားပေးနေကြတုန်းပါ။ တစ်ချို့ဆိုရင် မက်ဆေ့တွေပို့ပြီး ပြန်လာဖို့ တောင်းဆိုကြပါတယ်။ ကျွန်တော်ဘာမှ ပြန်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ရီးယဲလ်အသင်းမှာကစားခဲ့တဲ့ သုံးရာသီက တကယ်ကို အံ့သြဖွယ်ကောင်းခဲ့ပါတယ်’ ဟု ပြောဆိုခဲ့သည်။

ထို့အပြင်အိုဇေးလ်က ရီးယဲလ်နည်းပြဇီဒန်းမှာ ၎င်း၏စံပြကစားသမားတစ်ဦးဖြစ်ပြီး ဇီဒန်းကိုကြည့်ကာ ပညာများစွာရယူခဲ့ရကြောင်းနှင့် ဇီဒန်းမှာ နည်းပြကောင်းတစ်ဦးဟု ယုံကြည်ကြောင်း ပြောခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required