တိုက်ပွဲများကြောင့် မုံးကိုးမြို့နယ်မှ ပြည်သူ ၁၃၀၀ခန့် နေရပ်စွန့်ခွာနေရ

တိုက်ပွဲများကြောင့် မုံးကိုးမြို့နယ်မှ ပြည်သူ ၁၃၀၀ခန့် နေရပ်စွန့်ခွာနေရ
Photo-EPA
 

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ။                ။ ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် တရုတ် - မြန်မာနယ်စပ်အနီး မုံးကိုးမြို့နယ်ရှိ ပြည်သူ ၁၃၀၀ ခန့်သည် တရုတ်ပြည်နှင့် နီးစပ်ရာမြို့များသို့ ထွက်ပြေးတိန်းရှောင်နေရကြောင်း မူဆယ်မြို့တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲရှောင် ဒေသခံ ပြည်သူ (၁၀၀၀) ကျော်တို့သည် တရုတ်နိုင်ငံ မန်စီမြို့နယ် မန်ဟိုင်မြို့ရှိ အသုံးမပြုသည့် စာသင် ကျောင်း၊ စက်ရုံဟောင်းနှင့် စျေးအနီး ကွင်းပြင်တို့၌ ယာယီတဲ (၅) လုံးဖြင့် နိုဝင်ဘာ ၂၈ ရက်အထိ နေထိုင်လျက်ရှိ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း သတင်းထုတ်ပြန်ထားသည်။

မူဆယ်မြို့ အ.ထ.က (၂) နှင့် အ.မ.က (၄) တွင်လည်း မုံးကိုးမြို့မှ ပညာရေးဝန်ထမ်း ၁၈၂ ယောက် စစ်ဘေးရှောင် လျှက်ရှိပြီး နယ်မြေမတည်ငြိမ်သေးသောကြောင့် နေရပ်မပြန်ရသေးကြောင်း သိရသည်။

“ မုံးကိုးမြို့အနီးတိုက်ပွဲကြောင့် မုံးကိုးမြို့ ၀င်းဆိုင်ကျေးရွာ ဘုရားကျောင်းမှာ ၃၀၀ ကျော်လောက်တော့ရှိတယ်။ မူုဆယ် မြို့့ပေါ်မှာကတော့ လက်ရှိ ၂၆၁ ယောက်ပေါ့။ ဆရာ/ ဆရာမတွေ အပါအဝင်ပေါ့ “ ဟု မူဆယ်ခရိုင် အထွေထွေ အုပ် ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

မူဆယ်ခရိုင်ထွေအုပ်ရုံးအချက်အလက်အရ စစ်ဘေးကြောင့် မူဆယ်မြို့ပေါ်နှင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေသူ ၃၇၁၀  ဦးရှိပြီး နိုဝင်ဘာ ၃၀ ရက်တွင် မူဆယ်မြို့ပေါ်၌ ၂၆၁ ဦးသာ ရှိတော့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက် ညနေ ရ နာရီခန့်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် သစ်တောလမ်း၊ ရန်ကုန် တင်တင်လှ ထမင်းဆိုင် အနီး လျှိုအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သော်လည်း နိုဝင်ဘာ ၂၈ မူဆယ်မြို့ရှိ ကျောင်း၊ ဘဏ် နှင့် စျေးများအားလုံးပြန်လည်ဖွင့်လှစ်၍ ပုံမှန်အခြေနေဖြစ်နေပြီဖြစ်ကြောင်း မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required