ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာသို့ လှူဒါန်းရန် ခေတ်ပြိုင်ရိုးရာပန်းချီအဖွဲ့မှ ပန်းချီပြပွဲကျင်းပ

ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာသို့ လှူဒါန်းရန် ခေတ်ပြိုင်ရိုးရာပန်းချီအဖွဲ့မှ ပန်းချီပြပွဲကျင်းပ

ရန်ကုန်၊ နိုဝင်ဘာလ ၂၃ ။                   ။ ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာသို့ လှူဒါန်းရန်အတွက် ခေတ်ပြိုင်ရိုးရာ ပန်းချီအဖွဲ့မှ ရှင်သန်ခြင်းမြတ်ဒါန အလှူ ပန်းချီပြပွဲကို နိုဝင်ဘာလ ၂၃ ရက်မှ  ၂၇ ရက်နေ့ထိ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း စျေးရှိ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို) တွင် ပြုလုပ်လျှက်ရှိသည်။

အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာ ၁၉ ဦး၏ လက်ရာ ပန်းချီကားပေါင်း ၉၉ ကားပြသထားပြီး အထူးလျှော့ စျေးနှုန်းများ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ရောင်းရငွေ၏ ၅ဝ ရာခိုင်နှုန်းကို ဘိုးဘွားရိပ်သာသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ခေတ်ပြိုင်ရိုးရာ ပန်းချီအဖွဲ့မှ အတွင်းရေးမှူး ပန်းချီဆရာ ဦးမြဟန်က ပြောသည်။

" ဒီပွဲလုပ်ဖို့တော့ အရင်တုန်းက အာရုံမရှိသေးပါဘူး။ ဒါပေမယ့် အဲဒီမှာ ဘိုးဘွားတွေ တွေ့ရတာ ကျန်းမာရေး မကောင်း တာတွေ၊ အဲဒီရိပ်သာက ဘိုးဘွားတွေကို စောင့်ရှောက်တာ ကြည့်ပြီးတော့ နှလုံးသားထဲကို တော် တော်လေး ထိခိုက် သွားတယ်။ စိတ်ထဲမှာလည်း ကူညီချင်တယ်။ ဒါပေမယ့် ဦးတို့ ကူညီနိုင်တာကတော့ ပညာနဲ့ပဲ ကူညီနိုင်တယ်။ ငွေကြေး မတတ်နိုင်တော့ ပညာနဲ့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ဦးတို့ ညှိနှိုင်းတိုင်းပင် ကြတာပေါ့။ နောက်ဆုံးတော့ စိတ်တူ ကိုယ်တူတွေ စုပြီးတော့ ဒီလိုပွဲလေးလုပ်ဖြစ်သွားတာပဲ။ "ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် ပန်းချီကားပေါင်း ၈ ကားရောင်းရပြီး ၁ဝ သိန်းခန့် ရရှိထားပြီး သီးသန့်အလှူငွေများလည်း ရရှိထားကြောင်း သိရသည်။

ယခုကဲ့သို့ ပန်းချီပြပွဲပြုလုပ်ပြီး လှူဒါန်းလာသည်မှာ ၆ ကြိမ်ရှိပြီးဖြစ်ပြီး ယင်းသို့ လှူဒါန်းရန်အတွက် ပြပွဲများ ပြုလုပ်ရာ တွင် ဝေဖန်မှုများလည်း ကြံုတွေ့ရကြောင်း ခေတ်ပြိုင်ရိုးရာ ပန်းချီအဖွဲ့မှ ဥက္ကဋ္ဌ ပန်းချီ ဦးအောင်မင်းမင်းက ဆိုသည်။

" ကျွန်တော်တို့ လုပ်သမျှကို သူများတွေကလည်း ဝေဖန်ရင် ဝေဖန်မှာပေါ့ဗျာ။ အလှူဗန်းပြတယ်တို့ ဘာတို့ ဝေဖန်တာ ပေါ့။ ဝေဖန်တာကို ကျွန်တော်တို့က ဘာမှတော့ မတုံပြန်ပါဘူး။ ဒီအဖွဲ့ထဲမှာပါတဲ့ သူတွေ ကိုယ်တိုင် က ပွဲလုပ်တိုင်းလှူ မယ်။ ခေါင်းစဉ်မတတ်လည်း နေပါစေ။ ဒီပွဲခေါင်းစဉ်တပ်တယ်ဆိုတာ ဆရာမ သန်းမြင့်အောင်က ဒီပွဲကို စပွန်ဆာပေးတဲ့ အတွက်် ခေါင်းစဉ်တပ်ရတာဖြစ်တယ် " ဟု ၄င်းက ပြောသည်။

ဆည်းဆာရိပ်ဂီလာန ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများမှာ နာမကျန်းသူများ၊ လေဖြတ်နေသောသူများ၊ စိတ်ရောဂါခံစားနေ ရသူများဖြစ်ကာ ဆေးအဖွဲ့များ၊ ရုံးအဖွဲ့များနှင့် သန့်ရှင်းရေးအဖွဲ့များက စနစ်တကျ မိသားစုကဲ့သို့ ပြုစုပေးနေကြောင်း ဆည်းဆာရိပ်ဂီလာန ဘိုးဘွားရိပ်သာတည်ထောင်သူ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ပြောသည်။

" ဒီအချိန်ခါမှာတော့ ဇရာရဲ့ဝေဒနာပေါ့။ နောက်ဆုံး သူတို့ရဲ့ ထွက်သက်လေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သက်ဆိုင်ရာ ဘာ သာတရားကို နှလုံးသွင်းပြီးတော့မှ ဘဝကူးကောင်းအောင် မိသားစုလိုလုပ်ပေးပါတယ်။ ဒါတွေကို ဒီဆရာတွေက မြင် တော့ သူတို့လည်းခံစားရတယ်။ ဒါကို သူတို့လှူချင်တန်းချင်တယ်။ သူတို့က အနုပညာသမားဆိုတော့ သူတို့တတ်စွမ်း တဲ့ ပန်းချီပညာနဲ့ ဒီပြပွဲလုပ်ပြီး ဆည်းဆာရိပ်ကို ၅ဝ ရာခိုင်နှုန်း လှူဒါန်းတာပါ။" ဟု သူမက ဆိုသည်။

ဆည်းဆာရိပ် ဂီလာနဘိုးဘွားရိပ်သာကို ၂ဝ၁ဝ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ဂီလာနဘိုး ဘွား ၁ဝ၇ ယောက်ရှိကြောင်းနှင့် ဆည်းဆာရိပ်တွင် ကွယ်လွန်သွားသော ဘိုးဘွားဦးရေမှာ ၁ဝဝ ရှိပြီဖြစ်ကြောင်း ဆည်း ဆာရိပ်ဂီလာန ဘိုးဘွားရိပ်သာတည်ထောင်သူ ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် ပြောပြချက်အရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required