မြန်မာယူ ၂၃ လက်ရွေးစင် အောင်ရှိုးသာမောင်အား ရှမ်းယူနိုက်တက်အသင်း ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူ

မြန်မာယူ ၂၃ လက်ရွေးစင် အောင်ရှိုးသာမောင်အား ရှမ်းယူနိုက်တက်အသင်း ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူ
(ဓာတ်ပုံ - ရှမ်းယူနိုက်တက်)

ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်းက အသက် ၂၃ နှစ်အောက် မြန်မာ့လက်ရွေးစင် အလယ်တန်းလူ ရပ်စောက်သား အောင်ရှိုးသာမောင်အား ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် အောင်ရှိုးသာမောင်ဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရှမ်းယူနိုက်တက်အသင်း (ထိုစဉ်က ကမ္ဘောဇအသင်း) အရန်အသင်း၊ လူငယ်အသင်း နှင့် စီနီယာအသင်းတို့တွင် ကစားခဲ့သူ ဖြစ်ပြီး၊ MNL Cup 2013 ချန်ပီယံအသင်းတွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

"ကျနော်က ပြည်နယ်နဲ့တိုင်း အသက် ၁၉ နှစ်အောက်မှာ ရှမ်းပြည်နယ်၊ တောင်ပိုင်း ကိုယ်စားပြုအသင်းမှာ စကစားခွင့်ရတယ်။ ပြီးတော့မှ ရှမ်းယူနိုက်တက်အသင်းကို ရောက်တာပါ"လို့ အောင်ရှိုးသာမောင်က ပြောပါတယ်။

အောင်ရှိုးသာမောင်ဟာ ရှမ်းယူနိုက်တက် အရန်အသင်းတွင် ၂၀၁၃ ဘောလုံးရာသီအကုန်မှာ (စာချုပ်သက်တမ်းကုန်ချိန်တွင်) မကွေးအသင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

မကွေးအသင်းတွင် ၂၀၁၄ ဘောလုံးရာသီမှ ၂၀၁၆ ဘောလုံးရာသီအထိ အဓိက အလယ်တန်းလူတစ်ဦးအဖြစ် ကစားခဲ့ပြီး စာချုပ်သက်တမ်းကုန်ချိန်တွင် အသင်းဟောင်း ရှမ်းယူနိုက်တက်အသင်းသို့ ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။ သူဟာ မကွေးအသင်းနှင့်အတူ ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်ခဲ့ပါတယ်။

"ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်လာသလို ခံစားရတယ်။ အသင်းက ပြည်နယ် ကိုယ်စားပြုအသင်း။ အိမ်ကွင်းဆိုတာ ကျနော့်အတွက် တကယ့်ကို ရင်းနှီးတဲ့နေရာ။ ရှမ်းပြည်သား ဘောလုံးသမားတစ်ယောက်က ကိုယ့်ပြည်နယ်အသင်းမှာ ကစားခွင့်ရတာ အရမ်းပျော်ဖို့ကောင်းတယ်။ ကျနော် ဒီအသင်းအတွက် အစွမ်းကုန် ကစားမယ်။ အမှတ်ပေး ချန်ပီယံအတွက် တိုက်ပွဲဝင်မယ်"လို့ အောင်ရှိုးသာမောင်က ဆိုပါတယ်။

အောင်ရှိုးသာမောင်ဟာ မြန်မာ ယူ ၂၂ အသင်း၊ မြန်မာ ယူ ၂၃ အသင်း နှင့် မြန်မာ့လက်ရွေးစင်အသင်းကြီးတို့တွင် ရွေးချယ်ခံရဖူးပြီး၊ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းစ် ဒုတိယဆုရ မြန်မာ ယူ ၂၃ အသင်းတွင် ပါဝင်ခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ရာသီကြို ကာလတွင် ပြည်တွင်း ကစားသမား ၅ ဦးဖြစ်တဲ့ ဖြိုးပိုင်စိုး၊ နန်းမင်းအောင်၊ တင်ဝင်းအောင်၊ ချစ်စုမိုး နှင့် အောင်ရှိုးသာမောင်နှင့် ပြည်ပ ကစားသမား ၁ ဦးဖြစ်တဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှုး ခရစ္စတိုဖာတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။

Source: Shan United FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required