NCA လက်မှတ်ထိုးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ သမ္မတဟောင်း ဦးသိန်းစိန် မတက်ဖြစ်

NCA လက်မှတ်ထိုးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ သမ္မတဟောင်း ဦးသိန်းစိန် မတက်ဖြစ်
၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးပွဲတွင် ထိုစဉ် သမ္မတဖြစ်သူ ဦးသိန်းစိန်တက်ရောက်လာစဉ်(ဓာတ်ပုံ- သိင်္ဂီထွန်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၄)။ ။ နေပြည်တော်တွင် မနက်ဖြန်ကျင်းပမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း နှစ်ပတ်လည်အခမ်းအနားသို့ သမ္မတဟောင်း ဦးသိန်းစိန် မတက်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောခွင့်ရသူ ဦးခင်ရီက အောက်တိုဘာ ၁၄ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

သမ္မတဟောင်း ဦးသိန်းစိန်သည် အောက်တိုဘာ ၁၄ရက် နံနက်ပိုင်းက စင်္ကာပူနိုင်ငံသို့ ခရီးထွက်သွားကြောင်း၊ အခမ်းအနားသို့ တက်ရောက်ရန် အစိုးရဘက်က ဖိတ်ကြားစာ နောက်ကျမှုကြောင့် မတက်ရောက်နိုင်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဦးခင်ရီက ပြောသည်။

“ဖိတ်ထားတယ်ဗျ။ ဦးသိန်းစိန်တစ်ယောက်ထဲကိုတော့ မဟုတ်ပါဘူး။ NCA ထိုးတုန်းက ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပေါ့လေ။ ကျွန်တော်တို့လည်း ပါတယ်။ အရင်ဝန်ကြီးဟောင်း ၄၊ ၅ပါးလောက်လည်းပါတယ်။ ကျွန်တော်ကတော့ တက်မယ်။ အဘဦးသိန်းစိန်ကတော့ စင်္ကာပူသွားတယ်။ သူကလည်း ဖိတ်စာက နောက်ကျသွားတော့ မသိလိုက်ဘူး ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာ ၁၅ရက်တွင် နေပြည်တော်ရှိ MICC-1တွင် အခမ်းအနားပြုလုပ်မည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားစာအား လွန်ခဲ့သည့် ၂ရက်က ရရှိကြောင်း၊ လက်ရှိတွင် ဖိတ်ကြားစာသာ ရရှိထားသေးပြီး ဝင်ခွင့်ကတ်ဒ် မရသေးကြောင်းလည်း ဦးခင်ရီက ဆက်လက်ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် (၈)ဖွဲ့သည် ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ဂုဏ်ပြုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အခမ်းအနားဖွင့်ပွဲမိန့်ခွန်းတွင် ဩဂုတ် ၃၁ရက်က ပြောဆိုထားသည်။

“MPCကို ထူထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ ယခင် အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက် များအပေါ် ကျွန်မတို့ ယခု ဆက်လက်ပြီး တည်ဆောက်သွားပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဝန်ကြီဟောင်းများဖြစ်သည့် ဦးအောင်မင်းနှင့် ဦးစိုးသိမ်းတို့လည်း နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ကြမည်ဟု အစိုးရနှင့်နီးစပ်သူ ငြိမ်းချမ်းရေးကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required