ဆေးဝါးအတု ထုတ်လုပ်၊ ရောင်းချမှုကို အပြီးသတ်ချေမှုန်းမယ်လို့ စက်မှုဝန်ကြီးပြော

ဆေးဝါးအတု ထုတ်လုပ်၊ ရောင်းချမှုကို အပြီးသတ်ချေမှုန်းမယ်လို့ စက်မှုဝန်ကြီးပြော
၁၂ ရက်အတွင်း ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော် တန်ဖိုးရှိ ဆေးဝါးအတုများနှင့် သက်တမ်းလွန်ဆေးဝါးများရှာဖွေဖမ်းမိခဲ့သည်ဟု စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပြီး ဖမ်းမိထားသည့် ဆေးဝါးအချို့အား ခင်းကျင်းပြသထားစဉ်(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဆေးဝါးအတုများ ထုတ်လုပ်ခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်းရောင်းချခြင်းများကို အပြီးသတ် ချေမှုန်းပြီး ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားလိုက်သည်။

“ဒါတွေကို အပြီးသတ်ချေးမှုန်းပြီးတော့ ထိုက်သင့်တဲ့အရေးယူမှုတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီဆေးဝါးအတုလုပ်ငန်းဟာ ဒုက္ခရောက်သူကို ပိုပြီးဒုက္ခရောက်စေတာ ဖြစ်တဲ့အတွက် လုံးဝခွင့်လွတ်နိုင်တဲ့ လုပ်ငန်းမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဒီနေ့ကစပြီး ရှင်းရှင်းလင်းလင်းပဲ အသိပေးခြင်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်ချိုက ပြောသည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးခင်မောင်ချိုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဈေးကွက်အတွင်းရှိ သက်တမ်းလွန်ဆေးဝါးများ၊ ဘီပီအိုင်(BPI)ဆေးဝါးအတုများနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၁၂ရက်အတွင်း ကျပ်သိန်းပေါင်း ၂၈၀၀၀ကျော်ဖိုး ဖမ်းမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးများ၊ BPI တံဆိပ်အတုမျိုးစုံ စာရွက်များ၊ ဆေးဝါးအတုဖော်စပ်ရာတွင် အသုံးပြုသည့်ဓာတုဆေးရည်များ၊ ဆေးဝါးထုတ်ပိုးရာတွင် အသုံးပြုသည့် အိတ်ပိတ်စက်များနှင့် ဆေးရေတွက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ တံဆိပ်အတုရိုက်နှိပ်သည့် ပုံနှိပ်စက်၊ စက္ကူဖြတ်စက်နှင့် နဂ္ဂတစ်ဖလင်ပြားများ စုစုပေါင်း ကာလတန်ဖိုးငွေကျပ်သိန်း ၂၈၀၀၀ ကျော်ဖိုးကို သိမ်းဆည်း ရမိခဲ့ပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

 ပြီးခဲ့သည့် ဩဂုတ် ၃၁ရက်မှ ယခုလ ၁၂ရက်အတွင်း နေရာပေါင်း ၁၁နေရာရှိ ဆေးဆိုင်နှင့် သိုလှောင်ရုံ ၂၂နေရာအား စီးနှင်းရှာဖွေခဲ့ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ဆေးဝါးများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ဘီပီအိုင်(BPI)သို့ ပေးပို့စိစစ်ခဲ့ရာတွင် ဆေးဝါးအတုများနှင့် သက်တမ်းလွန်ဆေးဝါးများဖြစ်နေကြောင်း အတည်ပြုချက်ရရှိခဲ့သည်ဟု စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါ ဆေးဝါးအတု ထုတ်လုပ်၊ ဖြန့်ချိ၊ ရောင်းချခြင်းကြောင့် ဖမ်းဆီးရမိထားသူ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့အား သက်ဆိုင်ရာနယ်မြေစခန်းများတွင် ၁၉၉၂ ခုနှစ်၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ ၁၈/ ရာဇသတ်ကြီးပုဒ်မ ၁၀၉ အရ အမှုဖွင့် အရေးယူထားသည်။ အဆိုပါ ပုဒ်မ ၁၈တွင် ငွေဒဏ် ကျပ်ငါးသောင်းမှ ငါးသိန်းအထိဖြစ်စေ၊ ထောင်ဒဏ်(၇)နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required