အပျော်စီးသင်္ဘောပေါ်မှ ပြုတ်ကျကာ ပင်လယ်ထဲတွင် ၃၈ နာရီကြာ မျောပါနေခဲ့သည့် တရုတ်နိုင်ငံသူ အသက်ရှင်လွတ်မြောက်

အပျော်စီးသင်္ဘောပေါ်မှ ပြုတ်ကျကာ ပင်လယ်ထဲတွင် ၃၈ နာရီကြာ မျောပါနေခဲ့သည့် တရုတ်နိုင်ငံသူ အသက်ရှင်လွတ်မြောက်

သြဂုတ်  ၁၆  ။               ။ တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦးသည် ရေလမ်းခရီးသွားရင်း  အပျော်စီးသင်္ဘောတစ်စီးပေါ်မှ မတော်တဆပြုတ်ကျသွားခဲ့ကာ ပင်လယ်ထဲတွင် နာရီပေါင်းများစွာကြာ   မျောပါကူးခတ်နေခဲ့ရပြီးမှ     ငါးဖမ်းသမားများ၏ တွေ့ရှိကယ်ဆယ်နိုင်ခဲ့မှုကြောင့် အသက်ရှင်လွတ်မြောက်လာခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

မျိုးရိုးအမည် ဖန်ဟု သိရသောအဆိုပါအမျိုးသမီးမှာ ရှန်ဟိုင်းမြို့မှဖြစ်ပြီး သင်္ဘောကုန်းပတ်တွင် မှီနေခဲ့ပြီးမှ အောက်သို့ အရှိန်လွန်ပြုတ်ချသွားခဲ့ခြင်းဖြစ်ကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြသည်။

သူမသည် သင်္ဘော၏ စတုတ္ထထပ်မှ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ခန့်မှန်းအမြင့်ပေမှာ ခုနစ်လွှာအဆောက်အအုံ အမြင့်နှင့် ညီမျှဖွယ်ရှိကြောင်းလည်း သိရသည်။

အသက် ၃၁ နှစ်ရှိအဆိုပါအမျိုးသမီးမှာ သာမာန် ဒဏ်ရာအနည်းငယ်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းများအရ သိရသည်။

မစ္စဖန်သည် Royal Carribbean သင်္ဘောလိုင်းဖြင့် ငါးရက်ကြာ ခရီးသွားခဲ့ဖြစ်ကြောင်းနှင့် ရှန်ဟိုင်းမြို့မှ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို သွားရောက်စဉ် ယခုကဲ့သို့ ရေထဲပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။
သူမ ရေထဲကျသွားချိန်က သင်္ဘောပေါ်တွင် သူမ၏ မိဘများလည်း လိုက်ပါလာခဲ့ပြီး ၎င်းတို့မှာ နာရီပေါင်းများစွာကြာသည့်အထိ သူမပျောက်ဆုံးနေသည်ကို သတိမထားခဲ့ဟု ဆိုသည်။

သူမသည် ရေထဲကျသွားချိန်က ဖက်တွယ်စရာတစ်ခုမှ မရှိခဲ့ကြောင်း၊ အချိန်အများစုကို ရေထဲတွင် ကိုယ်ဖော့မျောပါနေခဲ့ပြီးမှ ငါးဖမ်းလှေတစ်စီး သူမအနားသို့ ကပ်လာသည်ကို တွေ့ခဲ့ရကြောင်း ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required