အငြင်းပွားဖွယ် ကလေးလုပ်သားဥပဒေကို အိန္ဒိယလွှတ်တော်တွင် အတည်ပြု

အငြင်းပွားဖွယ် ကလေးလုပ်သားဥပဒေကို အိန္ဒိယလွှတ်တော်တွင် အတည်ပြု

ဇူလိုင် ၂၇ ။             ။ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား အလုပ်လုပ်ခွင့်ပေးထားသည့် ဥပဒေတစ်ရပ်ကို ဇူလိုင်လ ၂၆ ရက်ကကျင်းပသည့် အိန္ဒိယ ပါလီမန်က အတည်ပြုပေးလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယခု ဥပဒေအရ အရွယ်မရောက်သေးသည့် ကလေးများကို ၎င်းတို့၏ မိသားစုအတွက် တစ်ဘက်တစ်လမ်းမှ ဝင်ငွေရှာနိုင်ရန် သတ်မှတ်လုပ်ငန်းတစ်ချို့တွင် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိကြမည်ဖြစ်သည်။ သို့သော် ယင်းဥပဒေကြောင့် ကလေးသူငယ်များ၏ တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်သွားစေနိုင်သည်ဟု တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့သည်။

နိုင်ငံတွင် အသက် ၁၄ နှစ်အောက် ကလေးများအားလုံးကို အလုပ်လုပ်ခွင့် ပိတ်ပင်ထားမည်သော်လည်း တစ်နိုင်တစ်ပိုင် မိသားစုလုပ်ငန်းများ သို့မဟုတ် အားကစားနှင့် ဖျော်ဖြေရေးလုပ်ငန်းထဲတွင်မူ   ခြွင်းချက်အနေဖြင့် အလုပ်လုပ်ခွင့်ပေးမည်ဖြစ်သည်။

ယခု ဥပဒေအရ ဘေးအန္တရာယ်ရှိ လုပ်ငန်းခွင်များထဲတွင် အသက် ၁၄ နှစ်အောက် ကလေးအားလုံးကို အလုပ်လုပ်ခွင့်တားမြစ်ထားခြင်းဖြစ်သော်လည်း ယင်းအခြေအနေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

နိုင်ငံရှိ ကလေးငယ်အချို့မှာ သက်မွေးလုပ်ငန်းကျွမ်းကျင်မှုများ သင်ကြားတတ်မြောက်ရန်လိုအပ်သကဲ့သို့ ၎င်းတို့၏မိသားစုများအတွက်လည်း ကူဖော်လောင်ဖက်ဖြစ်ရန် လိုအပ်နေခြင်းကြောင့် ယခုကဲ့သို့ ကျောင်းချိန်ပြင်ပ သို့မဟုတ် အားလပ်ရက်များတွင် သတ်မှတ်လုပ်ငန်းခွင်တစ်ချို့တွင်လုပ်ကိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း အစိုးရက ခုခံပြောကြားသည်။

သို့သော် လက်ရှိအချိန်တွင်မူ အိန္ဒိယရှိ ကလေးသူငယ်သန်းပေါင်းများစွာမှာ ပြည်တွင်းကျွန်များအဖြစ်လည်းကောင်း၊ စက်ရုံများ၊ မိုင်းတွင်းများ နှင့် အခြားအန္တရာယ်များသည့် လုပ်ငန်းခွင်များထဲသို့ ကလေးလုပ်သားများအဖြစ် လည်းကောင်း လုပ်ကိုင်နေကြရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required