ဦးဖြိုးမင်းသိန်း၏ ပြောမှုကို မဘသ ဆန္ဒပြတော့မည်မဟုတ်

ဦးဖြိုးမင်းသိန်း၏ ပြောမှုကို မဘသ ဆန္ဒပြတော့မည်မဟုတ်
ဇူလိုင်လ ၁၂ရက်နေ့ နေ့လည်ပိုင်းက အင်းစိန်ရွာမ ပရိယတ္တိ ကျောင်းတိုက်တွင် မဘသ ဦးဆောင်ဆရာတော်များတွေ့ဆုံ။ ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဇူလိုင် ၁၂ ။              ။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုနှင့်ပတ်သက်၍ အစိုးရ၏ သဘောထားမဟုတ်သည့်အတွက် အလေးဂရုပြုစရာ မလိုအပ်သည့်အပြင် ဆန္ဒပြခြင်း မပြုလုပ်ရန် မဘသဗဟိုဦးဆောင် ဆရာတော်များက မဘသအဖွဲ့ဝင်များထံ ညွန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းညွန်ကြားချက်ကို ဇူလိုင်လ ၁၂ရက် နေ့လည်ပိုင်းက အင်းစိန်ရွာမ ပရိယတ္တိ ကျောင်းတိုက်တွင် မဘသ ဦးဆောင်ဆရာတော်များ တွေ့ဆုံ၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

"ရဟန်းရှင်လူ ပြည်သူများ နှလုံးစိတ်ဝမ်းအေးချမ်းကြစေရန် ဆန္ဒပြခြင်း၊ ဆန္ဒပြခြင်းများ ပြုလုပ်ရန် စည်းရုံးတိုက်တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် သာသနာပြု လုပ်ငန်းများကို အေးအေးချမ်းချမ်း   ဆောင်ရွက်ကြရန် အသိပေးညွှန်ကြားလိုက်သည်" ဟု မဘသ ဗဟို၏ ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်း၏ စင်္ကာပူခရီးစဉ်အတွင်း စင်္ကာပူရောက် မြန်မာနိုင်ငံသားများနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် မဟနအဖွဲ့ရှိသည့်အတွက် မဘသ ရှိရန်မလိုအပ်တော့ဟု   ပြောဆိုခဲ့ပြီး  ရန်ကုန်လေဆိပ်တွင်လည်း မဘသ မလိုအပ်တော့ဘူးဟု မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုနှင့်ပတ်သက်၍ အလေးဂရုပြုစရာမလိုတော့ဘဲ ဒီမိုကရေစီသဘောတရားအရ သူ၏ လွတ်လပ်စွာပြောဆိုခြင်းမျှ ဖြစ်သည်ဟုသာ မှတ်ယူရမည်ဟုလည်း မဘသ၏   ညွှန်ကြားချက်တွင်ဖော်ပြထားသည်။

ယင်းသို့ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ မဘသ ဦးဆောင်ဆရာတော်များက ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က အင်းစိန်ရွာမ ပရိယတ္တိ ကျောင်း တိုက်တွင် အရေးပေါ်အစည်းဝေး တစ်ရပ်ပြု လုပ်ပြီး တစ်ပတ်အတွင်း ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တောင်းဆိုမှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြန်လည်ဖြေရှင်းမည်မဟုတ်ကြောင်း တုန့်ပြန်ခဲ့သည့်အပြင် ပါတီထိပ်ပိုင်းခေါင်းဆောင်း ဦးဝင်းထိန်ကလည်း ပန်းနှင့်ပေါက်သည်ဟုသဘောထားကြောင်း ပြန်လည် တုန်ပြန်ခဲ့သည်။

ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက ၁၄ရက်နေ့ နောက်ဆုံးထား ဖြေရှင်းမပေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြမည်ဟု မိန့်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required