ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာယူသည်ဟု ဒေါ်အောင်ဆန်းစုကြည်အားစွပ်စွဲထားသည့်အမှု တရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ထပ်မံ ကြားနာမည်

By 001(မဇ္စျိမ)
30 April 2023
ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာယူသည်ဟု ဒေါ်အောင်ဆန်းစုကြည်အားစွပ်စွဲထားသည့်အမှု တရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ထပ်မံ ကြားနာမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား NLD အစိုးရလက်ထက် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ ရွှေနှင့်ဒေါ်လာယူသည်ဟု စွပ်စွဲထားသည့်အမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ထပ်မံကြားနာရန်ရှိကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်း မှ သိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက ထောင် ဒဏ်ငါးနှစ် ချမှတ်ခဲ့သည့်အဆိုပါအမှုအယူခံအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက တရားလွှတ်တော်ချုပ် တွင် လက်ခံကြားနာခဲ့သော်လည်း နိုဝင်ဘာလ ၁ ရက်နေ့တွင်ပယ်ချခံခဲ့ရသည့်အတွက် အထူးအယူခံ ဆက်တက်ခဲ့ခြင်းဖြစ်သည်။

“အဲဒါက ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့အမှု၊ အဂတိပဲ။ ဒေါ်လာတွေရွှေတွေနဲ့ ပတ်သက်တဲ့အမှုပဲ။ အဲဒီ အမှုကို အယူခံပယ်ထားလို့ အထူးတက်ထားတာ။ အဲဒါ ဖွင့်သင့်၊ မသင့်ပေါ့။ လက်ခံ သင့်၊ မသင့် ကြားနာ မှာ”ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထိုအမှုမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နှင့် အကယ်ဒမီအခေါက်ရွှေ ခုနစ်ပိဿာပေးခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက တရားလိုပြသက်သေအဖြစ် ထွက်ဆိုထားသည့်အမှုဖြစ်သည်။ 

ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ထိုစဉ်က “All Absurd” ဟု မှတ်ချက် ပေးခဲ့ဖူးသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ထုတ်ပြန်ထားချက်အရ အဆိုပါအမှု အထူးအယူခံကို လာမည့် မေလ ၂၃ ရက်နေ့တွင် ကြားနာရန်စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေပြည်တော်အချုပ် ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် အမှုပေါင်း ၁၉ မှုအတွက် ထောင် ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly