ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးလက်ကျန် အထူးအယူခံများ ဒီဇင်ဘာပထမပတ်တွင် ကြားနာမည်

By 001(မဇ္စျိမ)
15 November 2023
ဒေါ်အောင်ဆန်းစုကြည်၏ နောက်ဆုံးလက်ကျန် အထူးအယူခံများ ဒီဇင်ဘာပထမပတ်တွင် ကြားနာမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံခဲ့ရသည့်အမှုများထဲမှ နောက်ဆုံး လက်ကျန် အထူးအယူခံအမှုများကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လာမည့် ဒီဇင်ဘာလ ပထမပတ်အတွင်း ကြားနာသွားမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူများက ပြော သည်။

စုစုပေါင်း အထူးအယူခံ ရှစ်မှုသာကျန်ရှိတော့ပြီး အဆိုပါအမှုများမှာ ရွေးကောက်ပွဲကိစ္စ ပုဒ်မ ၁၃၀ - က အမှု၊ နိုင်ငံတော်လျှို့ဝှက်ဉပဒေပုဒ်မ ၃(၁)(ဂ)အမှု၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ အတွက် ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းမှုအပေါ် အဂတိဖြင့် စွပ်စွဲထားသည့်အမှု ငါးမှုနှင့် ဦးဖြိုးမင်းသိန်းထံ က ရွှေနှင့် ဒေါ်လာယူသည်ဟုဆိုကာ စွပ်စွဲထားသည့် အဂတိအမှုတမှုတို့ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ် သူ တဦးကပြောသည်။

ရဟတ်ယာဉ်အမှု ငါးမှုနှင့် ပုဒ်မ ၁၃၀ - က အမှုတို့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်း ပူးတွဲတရားစွဲ ဆိုခံထားရသည်။

စစ်ကောင်စီဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲ ခဲ့ခြင်းဖြစ်ပြီး အမှုအားလုံးကိုအထူးအယူခံတက်ခဲ့ကာ ကျန်အမှုများမှာ ပြည်ထောင်စု တရားလွှတ်တော် ချုပ်က ပယ်ချထားပြီးဖြစ်သည်။

လက်ရှိတွင် အမှုကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ပေးရန် ရှေ့နေအဖွဲ့က ယခုနှစ်ဇန်နဝါရီလကစပြီး စာဖြင့် အကြိမ်ကြိမ်တင်ပြ ထားရဆဲဖြစ်ကြောင်း သိရသည်။

တောင်ငူထောင်တွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုမူ ပြီးခဲ့သည့် အောက်တိုဘာ လ ၂၈ ရက်နေ့က ဇနီးဖြစ်သူ ဒေါ်ချိုချိုက တွေ့ဆုံခွင့်ရခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သိရသည်။

စွပ်စွဲထားသည့်အမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က အမှုအချို့ကို ပြစ်ဒဏ်လျော့ပေါ့မှုများ ပြုလုပ်ခဲ့သည့်အတွက် လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ် ၂၇ နှစ်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required