အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတို့ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

အမေရိကန်နဲ့ အင်ဒိုနီးရှား သမ္မတတို့ မြန်မာ့အရေး ထည့်သွင်းဆွေးနွေး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုတို့ နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ကြချိန်မှာမြန်မာနိုင်ငံအရေး အပါအဝင်တခြား အရေးကြီးတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းရေး အာဆီယံ ရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် အားပေးသွားမယ့်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားထားပါတယ်။

မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ မြန်မာပြည်သူတွေကိုလည်း အားပေးထောက်ခံမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက သမ္မတ Joko Widodo နဲ့ သမ္မတဘိုင်ဒင် တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိတ်လန့်စရာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့၊ လူသားချင်း စာနာမှုအကူအညီတွေ အကန့်အသတ်မရှိ ပေးအပ်ခွင့်ရှိဖို့၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ အားလုံးပါဝင်နိုင်မယ့် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ဦးတည်ဖို့လည်း မြန်မာစစ်အာဏာပိုင်တွေကို အမေရိကန်နဲ့ အင်ဒိုနီးရှားခေါင်းဆောင်တွေက တောင်းဆိုခဲ့ပါတယ်။

အာဆီယံဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေကိုလည်း စစ်ကောင်စီကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခွင့် ကန့်သတ်ထားတာဖြစ်ပါတယ်။

အင်ဒိုနီးရှား သမ္မတဟာ အမေရိကန်နိုင်ငံအနောက်ဘက်ခြမ်း ဆန်ဖရန်စ္စကိုမြို့ မှာ ပြုလုပ်မယ့် အာရှပစ္စဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး (APEC) ကို တက်ရောက်ဖို့ ရောက်ရှိလာတာဖြစ်ပြီး သမ္မတဘိုင်ဒင်ကို အိမ်ဖြူတော်မှာ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမယ့် APEC လို့ အတိုကောက်ခေါ်တဲ့ အာရှ-ပစိဖိတ် စီးပွားရေးကော်ပိုရေးရှင်း ထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ့် ကမ္ဘာတဝှမ်းက နိုင်ငံ့ခေါင်းဆောင်တွေ ရောက်လာနေတဲ့အချိန်မှာ မြန်မာစစ်ကောင်စီကို လက်နက်တွေ ရောင်းချနေတာ ချက်ချင်း ရပ်ဆိုင်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီကို လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ APEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ စင်ကာပူအပါအဝင် တခြားနိုင်ငံတွေကို မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချတာတွေကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန် သမ္မတဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း နိုဝင်ဘာ ၁၅ ရက် ဗုဒ္ဓဟူးနေ့မှာ ဆန်ဖရန်စ္စကိုမြို့ မှာ တွေ့ဆုံဖို့ရှိတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required