ရောင်နီအရက်ချက်စက်ရုံအနေဖြင့် အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ တာဝန်မဲ့ စွန့်ပစ်နေသည်ဟုဆိုကာ တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခံရ

ရောင်နီအရက်ချက်စက်ရုံအနေဖြင့် အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများ တာဝန်မဲ့ စွန့်ပစ်နေသည်ဟုဆိုကာ တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခံရ
မြန်အောင်မြို့တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်စုစုအောင် မေးမြန်းနေပုံ။ ဓာတ်ပုံ-စည်သူမောင်မောင်

မြန်အောင်မြို့နယ်၊ ရောင်နီ အရက်ချက်စက်ရုံအား စွန့်ပစ်ပစ္စည်းများ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့် အညီ ဆောင်ရွက်ခြင်းပြုနိုင်သည့် အချိန်အထိ စက်ရုံလည်ပတ်ခြင်းအား ရပ်ဆိုင်း ထားရန် မြန်အောင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်စုစုအောင် ဇွန်လ၃၀ရက်နေ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရသို့ တင်ပြတောင်းဆိုလိုက်ပါသည်။

“ ရောင်နီအရက်အချက်စက်ရုံမှ ရေသိုးအညစ်အကြေးများနှင့် အန္တရာယ်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့်အနံဆိုးများထွက်ပေါ်နေမှု၊ ဓါတုအက်စစ်များပါဝင်သည့် စွန့်ပစ်ပစ္စည်းများအား တာဝန်မဲ့စွန့်ပစ်နေခြင်းများ သဘာဝပတ်ဝန်ကျင် အင်းအိုင်ချောင်းမြောင်းများ ညစ်ညမ်းမှုများကြောင့် မြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်ကျင် ကျေးရွာအုပ်စုများရှိ ပြည်သူများလူနေမှုဘဝနှင့် ကျန်းမာရေးကိုထိခိုက်လျှက်ရှိသည့် အခြေအနေများဖြစ်ပေါ်နေကြောင်း "မြန်အောင်မြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်စုစုအောင်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြဆွေးနွေးသည်။

စက်ရုံလည်ပတ်ဖို့ စပါးခွံနှင့် ကျောက်မီးသွေးကို အသုံးပြုသဖြင့် စပါးအရောင်ပျက်တာတွေ၊ မိုးစပါးအထွက်နှုန်းကျတာတွေဖြစ်ခြင်း၊ ပတ်ဝန်ကျင်နေပြည်သူများ အသက်ရှုလမ်းကြောင်းနှင့်ပတ်သက်သည့်ရောဂါများဖြစ်ပွားနေကြောင်း ကိုယ်စားလှယ်ဒေါ်စုစုအောင်က ထည့်သွင်းဆွေးနွေးသည်။

ရောင်နီအရက်ချက်စက်ရုံသည် ကြံခင်း.မြန်အောင်ကားလမ်းဘေး မာလကာကုန်းကျေးရွာ၊ ကျခတ္တန်းရပ်ကွက် မှင်နီတာရိုးပေါ်တွင် မြေ၂၀ဧက ပေါ်တွင် တည်ဆောက်ထားပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း အကြီးဆုံးအရက်ချက်စက်ရုံဖြစ်သည်။ တနေ့လျှင် အရက်ဆီကုန်ချော ၆၅၀၀ ဂါလံ ခန့့်ထုတ်လုပ်လျှက်ရှိပြီး စွန့်ပစ်ရေသိုးဂါလံ၃၅၀၀၀ထွက်ရှိသည်။

လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်စွမ်းအင်ဝန်ြကီးဦးဝင်းဌေးက စက်ရုံအားသွားရောက်စစ်ဆေးပြီးတွေ့ရှိချက်များအား ``စက်ရုံကို ကျွန်တော်နဲ့အတူပြင်ပ ပညာရှင်တွေနဲ့သွားရောက်စစ်ဆေးပြီးဖြစ်ပါတယ်၊ ရေသိုးများကို သန့်စင်မှုမလုပ်ပဲ ချောင်းမြောင်းထဲ စွန့်ပစ်နေတာတွေ့ရပါတယ်၊ အများပိုင်မြောင်းကိုပိတ်ဆို့ပြီး အသုံးပြုနေတာတွေ့ရပါတယ်၊ ဒီလိုမဖြစ်ရအောင် ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်တာတွေလုပ်ပြီးမှ စက်ရုံကိုလည်ပတ်သင့်ပါတယ်၊ အညစ်အကြေးထုတ်လုပ်မှုကိုစံချိန်စံနှုန်းမှီ မဆောင်ရွက်လျှင်စက်ရုံကို ပိတ်သိမ်းသင့်ပါတယ်"ဟု ဝန်ကြီးမှ လွှတ်တော်တွင်ပြန်လည်ဆွေးနွေးခဲ့သည်။

ရောင်နီ အရက်ချက်စက်ရုံနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်များအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင်တင်ပြပြီး အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မြန်အောင်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်စုစုအောင်က ရောင်နီအရက်ချက်စက်ရုံမှ ရေသိုးအညစ်အကြေးများနှင့် အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ တာဝန်မဲ့စွန့်ပစ်နေခြင်းကြောင့် ပတ်ဝန်ကျင်ထိခိုက်နေမှုအား တိုင်းအစိုးရအနေဖြင့် မည့်ကဲ့သို့ စီမံဆောင်ရွက်နေကြောင်းကိုလည်း မေးခွန်းမေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required